ကွန်ပျူတာတက္ကသိုလ်(မကွေး)(၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

မကွေး    ၉   ဖေဖော်ဝါရီ      

ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို  ဖောဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်နှင့်အတူ  ပညာရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား မိန့်ခွန်းတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာစိုးလင်းအောင်က နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေတဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာခေတ်ကြီးထဲမှာ မိမိတတ်ကျွမ်းတဲ့ အတတ်ပညာရပ်တွေကို အသိ၊ သတိနဲ့ ယှဉ်ပြီး လူသားထုတစ်ရပ်လုံးအတွက် အကျိုးပြုနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ပြဌာန်းတဲ့ ဥပဒေတွေကို လေးစားလိုက်နာရုံမကဘဲ မိမိပတ်ဝန်းကျင်၊ အဖွဲ့အစည်းက လက်ခံ ကျင့်သုံးနေတဲ့ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ၊ပညာရှင်ကျင့်ဝတ်နှင့်အညီ တွေးခေါ်၊ နေထိုင်ပြုမူပြောဆို သွားကြဖို့ ဘွဲ့ရမောင်မယ်များအား တိုက်တွန်းမှာကြားသည်။

ကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည့် ၂၀ဝ၀ ပြည့်နှစ်မှ စတင်၍ ၂၀၁၉ ခုနှစ်အထိ ကွန်ပျူတာဒီပလိုမာနှင့်ဘွဲ့ရ စုစုပေါင်း(၂၉၅၀)ဦး မွေးထုတ်ပေးခဲ့ပြီး ယနေ့ကျင်းပသည့် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တက်ရောက်(၆၆)ဦးနှင့် အဝေးရောက်(၇)ဦး စုစုပေါင်း(၇၃)ဦးအား ကွန်ပျူတာသိပ္ပံဘွဲ့နှင့်ကွန်ပျူတာ နည်းပညာဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သန်းနိုင်ဦး(ငဖဲ)