ကျွန်တော်နဲ့ ကိုယ်ကျိုးစီးပွား ပဋိပက္ခ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

 

ကျွန်တော် ဒီဆောင်းပါးခေါင်းစဉ်ကို သတိထားပြီး ရွေးချယ်ခဲ့တာ။ ကျွန်တော့်ရဲ့တင်ပြမှုကို ဓလေ့ထုံးစံအကျင့်စရိုက် တစ်ရပ်ကို ပုံကြီးချဲ့နေတာလို့ ဝေဖန်ကြမှာထုံးစံမို့ အလွယ်တကူဖျက်ဖို့ခက်ခဲတာ အကျင့်ကပါနေပြီ။ ကိုယ်ကျိုးစီးပွား ပဋိပက္ခဟာ အဂတိတိုက်ဖျက်ရေးမှာ အလွန်အရေးပါတယ်။ ဒါပေမယ့် အခုလိုလုပ်နေတာကို မှားတယ်လို့မထင်ဘဲ လုပ်နေကျအရာတစ်ခုအနေနဲ့ လက်ခံပြီး ခွင့်လွှတ်နေကြတယ်။ အဂတိဆိုတာက ကတိရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။ လူတစ်ဦးရဲ့တန်ဖိုးက ကတိတည်မှု၊ ဖြောင့်မတ်တည်ကြည်မှု။


ရာထူးတာဝန်ရှိသူတွေ အထူးဆင်ခြင်သင့်

ကျွန်တော်က ကိုယ်ကျိုးစီးပွားပဋိပက္ခအကြောင်း တင်ပြဆွေးနွေးရင်း လုပ်ရိုးလုပ်စဉ်တစ်ခုကို မလိုအပ်ဘဲ မီးမောင်းထိုး နေတာလို့ ပြောတယ်။ အမှန်တော့ ဒီကိစ္စဟာ ရိုးရိုးစင်းစင်းကိစ္စတစ်ခု၊ ကိုယ့်ရဲ့ရာထူးတာဝန်ကို အခွင့်အရေးယူခြင်းပဲ ဖြစ်တယ်။ အခွင့်အရေးလို့ပြောတဲ့ နေရာမှာ လိုတာထက်ပိုပြီး ယူခြင်းဖြစ်တယ်။ ကျွန်တော် က တစ်ခါက ပြည်သူ့လွှတ်တော်ရဲ့ ကော်မရှင်တစ်ခုမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့တယ်။ လွှတ်တော်မှာ ခေတ်မီအိုင်တီ အခြေခံအဆောက်အအုံတွေကို ဖော်ထုတ် တဲ့ လုပ်ငန်းအစီအစဉ်တစ်ရပ် ပေါ်ပေါက်လာတယ်။ ဒီစီမံချက်နဲ့ပတ်သက်ပြီး တင်ဒါခေါ်ဖို့ အစီအစဉ်ရှိတယ်။ ဒီတင်ဒါခေါ်ရာမှာ ကော်မရှင်အဖွဲ့ဝင်တွေအနက် အိုင်တီ လုပ်ငန်းလုပ်နေသူတွေရှိတော့ အခုလိုတင်ဒါကို ဝင် ရောက်ပါဝင်ရင် ပွင့်လင်းမြင်သာဖို့ လိုအပ်ပြီး တင်ဒါနဲ့ပတ်သက်တဲ့ အဆုံးအဖြတ်မှာ ကိုယ်ကိုယ်တိုင်မပါဝင်သင့် ကြောင်း တင်ပြခဲ့တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်မှုမှာ ပါဝင်ပတ်သက်နေရင် ထင်ရှားတဲ့ ပဋိပက္ခ ဖြစ်မှာ။ အများပိုင်ကုမ္ပဏီတစ်ခုမှာ ကိုယ်ကျိုးစီးပွားရေး ပဋိပက္ခကို တင်ပြဆွေးနွေးတဲ့အခါ နာမည်ကြီးစာရင်း စစ်တစ်ဦးက “ဖိတ်ချင်းဖိတ်၊ ကိုယ့်အိတ်ထဲကိုယ်ဖိတ်တာ” လို့ မှတ်ချက်ပေးခဲ့တာကို အခုအချိန်အထိ အမှတ်ရ မိနေတယ်။


ရာထူးတာဝန်ယူထားသူတွေအနေနဲ့ အထူးဆင်ခြင် ရမယ့်အရာဖြစ်တယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အထင်အမြင်မလွဲအောင် ဂရုပြုရမယ်။ အခု ကိုဗစ်-၁၉ ကာလမှာ ဂျာနယ်၊ သတင်းစာတွေက မှန်မှန် မရဘူး။ လာပြန်တော့လည်း ဇနီးသည်က နေလှန်းပြီး တစ်ရက်အလွန်မှ ဖတ်ခွင့်ရတယ်။ ကိုဗစ်-၁၉ ကြောင့် နိုင်ငံတော်အစိုးရက စီးပွားရေးအရ နစ်နာဆုံးရှုံးခဲ့တဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ ဟိုတယ်ခရီးသွားလုပ်ငန်းတွေ အတွက် ချေးငွေတွေ ထုတ်ပေးခဲ့တယ်။ အခုလို ချေးငွေ ဖြန့်ဝေရာမှာ ကိုယ်ကျိုးစီးပွားပဋိပက္ခ ပေါ်ပေါက်ခဲ့ တယ်လို့ စွပ်စွဲကြတယ်။ မဟုတ်ဘူးလို့ချေပပြောဆိုခဲ့တာ ကိုလည်း ဖတ်ခဲ့တယ်။ အစကတည်းက အခုလိုမဖြစ် အောင် သတိထားရမှာ။ သံသယဖြစ်စေမယ့် အခြေအနေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။


ဝန်ထုပ်ဝန်ပိုးဖြစ်သော ပြည်သူပိုင်စက်ရုံများ

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံမှာ ပြည်သူပိုင်စက်ရုံအလုပ်ရုံတွေဟာ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်။ ဒါကလည်း ၁၉၆၂ ခုနှစ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အရ ပုဂ္ဂလိကလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေကို ပြည်သူပိုင် သိမ်းဆည်းခဲ့တယ်။ ဒီလုပ်ငန်းတွေကို ပြည်သူပိုင်ဆိုပြီး ခေါ်ဆိုသတ်မှတ်ခဲ့တယ်။ အမှန်တော့ ပြည်သူက ပိုင်တာမဟုတ်၊ နိုင်ငံကသာ ပိုင်ဆိုင်တာ ဖြစ် တယ်။ ဒါကြောင့်လည်း ဒီစီးပွားရေးလုပ်ငန်းတွေကို တခြားနိုင်ငံတွေမှာ State-owned- enterprises (SOEs) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများလို့ ခေါ်ကြတယ်။ တချို့နိုင်ငံမှာတော့ State-economic-enterprise (SEE) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့တယ်။ ဒီလုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ ကနေ ၁၉၆၂ နောက်ပိုင်းမှာ သိမ်းဆည်းခဲ့တယ်။ သိမ်းဆည်းတဲ့နေရာမှာလည်း လုပ်ငန်းပမာဏကို အခြေခံပြီး ဆောင်ရွက်တာမဟုတ်ဘဲ ပုဂ္ဂလိကဆိုရင် နိုင်ငံပိုင်ဖြစ်ရမယ်ဆိုပြီး လုပ်ခဲ့တယ်။ ဒီစက်ရုံအလုပ်ရုံတွေဟာ စီးပွားရေးအဖွဲ့ အစည်းတွေ ပုဂ္ဂလိကလက်ထဲမှာရှိစဉ် ဈေးကွက်ယန္တရားအားကိုးပြီး လှုပ်ရှားခဲ့တယ်။ အောင်မြင်အောင် ကြိုးစားခဲ့ကြ တယ်။ အရှုံးပေါ်ရင် ဆက်လုပ်ခွင့်မရဘူး၊ ဈေးကွက်က မျက်နှာလိုက်တာ မဟုတ်ဘူး။ အခုလိုပုဂ္ဂလိကပိုင်ဆိုင်မှု စီမံခန့်ခွဲမှု အောက်မှာ လှုပ်ရှားခဲ့တဲ့ စက်ရုံအလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီးတဲ့အခါ အုပ်ချုပ်ရေးပုံစံနဲ့ စီမံအုပ်ချုပ်ခဲ့တယ်။ ပါတီကေဒါတွေလက်ထဲ ထည့်ခဲ့တယ်။ အရာရာကို ဗျူရိုကရေစီယန္တရားနဲ့ စီမံခဲ့တယ်။ စာအုပ်ကြီး အတိုင်း လုပ်ခဲ့ကြတယ်။ ခွဲတမ်းစနစ်ကျင့်သုံးတာမို့ ဈေးကွက်ယန္တရားရဲ့အထိန်းအချုပ်မရှိဘူး။ စီးပွားရေးလုပ်ငန်း တွေကို နိုင်ငံရေး လိုအပ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တာမို့ တစ်ချိန်က အမြတ်အစွန်းရနေတဲ့ စက်ရုံအလုပ်ရုံတွေဟာ အရှုံးပေါ်ခဲ့တယ်။ ဝင်ငွေနဲ့အသုံးစရိတ် မမျှခဲ့ဘူး။ စီးပွားရေးရဲ့တောင်းဆိုမှုအရ ဝန်ထမ်းတွေလျှော့ဖို့လိုမှန်းသိပေမယ့် မဆောင်ရွက်နိုင် ခဲ့ဘူး။ နှစ်ပေါင်းများစွာ အခုလိုဆောင်ရွက်ခဲ့လို့ နိုင်ငံရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့တယ်။ ၁၉၆၂ ခုနှစ်က စခဲ့တဲ့ပြဿနာကို ခေတ်အဆက်ဆက် တာဝန်ယူခဲ့တဲ့ အစိုးရတွေက ခါးစည်းခံခဲ့တယ်။ တာဝန်ယူခဲ့တယ်။ အတိတ်ရဲ့အမှားကို ပစ္စုပ္ပန်မှာ တာဝန်ယူခဲ့ကြရတယ်။


ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုကို ခွဲခြားပါ

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ အရှုံးပေါ်နေတဲ့ စက်ရုံအလုပ်ရုံတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အားထုတ်ခဲ့တယ်။ ဒါကြောင့်လည်း တချို့တွေကို ပုဂ္ဂလိက လက်ထဲပြန်ပြီးအပ်ခဲ့တယ်။ ကျွန်တော်ကတော့ အခုလို ပုဂ္ဂလိကလက်ထဲအပ်တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်။ Privatization ပုဂ္ဂလိကလက်ထဲ ပြန်အပ်တဲ့ အစီအစဉ်တွေကို ရုရှားနိုင်ငံ၊ အရှေ့ဥရောပနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ ပြုလုပ်ခဲ့ကြတယ်။ အခုလို ဆောင်ရွက်ရာမှာ တန်ဖိုးကြီးလှတဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ကြမ်းခင်း ဈေးသာသာနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေကို လက်လွှဲခဲ့တယ်။ ကိုယ်ကျိုးစီးပွားပဋိပက္ခကို ကျူးလွန်ခဲ့တယ်။


ကျွန်တော်က Corporitization နိုင်ငံပိုင်စက်ရုံ အလုပ်ရုံ စီးပွားရေးအဖွဲ့အစည်းတွေကို နိုင်ငံကပဲ ပိုင်ဆိုင်မှုယူထားပြီး စီးပွားရေးဆန်ဆန်လုပ်ကိုင်နိုင်အောင် ကျွမ်းကျင်လိမ္မာတဲ့ စီမံခန့်ခွဲသူတွေလက်ထဲ တာဝန်ပေးဖို့ အားပေးခဲ့တယ်။ ပိုင်ဆိုင်မှုနဲ့စီမံခန့်ခွဲမှုကို ခွဲထုတ်ဖို့ တိုက်တွန်းခဲ့တယ်။ ဒီအကြံပေးမှုကို တာဝန်ရှိသူတွေက လက်ခံခဲ့တယ်။ အချို့လုပ်ငန်းတွေဆို အလွန်အောင်မြင်လျက်ရှိတာ ဝမ်းသာစရာတွေ့ရတယ်။


ဒါပေမယ့် အခြေခံပြဿနာက ရှိနေဆဲဖြစ်တယ်။ ဒီလုပ်ငန်းတွေကို ကြီးကြပ်စီမံတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အများအကျိုးနဲ့ ပုဂ္ဂလိကအကျိုးကို ခွဲခွဲခြားခြားသိဖို့ လိုအပ်တာ။ အရှုံးပေါ်တာကို အမြတ်ရရင်ပြီးရောဆိုပြီး စဉ်းစားလို့ မရဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုမှာ အမြတ် တာဝန်တစ်ခုတည်းရှိတာ မဟုတ်ဘူး။ လူ့အခွင့်အရေး ကို ကာကွယ်ရမယ့် တာဝန်၊ ဝန်ထမ်းရေးရာနဲ့ ပတ်သက် ပြီး ထိန်းသိမ်းရမယ့်တာဝန်၊ ပတ်ဝန်းကျင်မထိခိုက်အောင်၊ မညှိုးနွမ်းအောင် စောင့်ရှောက်ရမယ့် တာဝန်တွေရှိတယ်။ အရေးကြီးဆုံးကတော့ အဂတိကင်းစင်ဖို့ ဖြစ်တယ်။ မြတ်ဖို့ပဲ အရေးကြီးတယ်။ အဂတိလိုက်စားမှုကို သည်းခံ ခွင့်လွှတ်လို့ မဖြစ်ဘူး။ လုံးဝလက်ခံလို့မရတဲ့ အရာဖြစ်တယ်။ Zero tolerance ပေါ်လစီကို ကျင့်သုံးရတယ်။


အဂတိသည် အုပ်ချုပ်ရေးအဖွဲ့အစည်းအတွင်း ပေါ်လာနိုင်တာကို သတိပြု

အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေဟာ အဂတိတိုက်ဖျက်ရေးလုပ်ငန်းမှာ ရှေ့တန်းကနေ မားမားမတ်မတ်ရှိရမယ်။ အဂတိနဲ့ ပတ်သက်လာရင် စီးပွားရေးလုပ်ငန်းတွေသာမက အုပ်ချုပ်ရေးအဖွဲ့အစည်း တွေမှာလည်း ပေါ်ပေါက်နိုင်တာကို အမြဲသတိပြုရမယ်။ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ လက်တွဲပြီး ဆောင်ရွက်သင့်တယ်။ အဂတိတိုက်ဖျက်ရေးအလုပ်တွေကြောင့် မိမိတို့ရဲ့လုပ်ငန်းတွေမှာ အနှောင့်အယှက် ဖြစ်နေတယ်လို့ ယူဆလို့မရဘူး။


အခု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဟာ တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုလျက်ရှိတယ်။ အခုလိုဆောင်ရွက်ရာမှာ အဂတိလိုက်စားမှုကို ဆန့်ကျင် ဖို့ အမြဲမိန့်မှာခဲ့တယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ ပူးတွဲဆောင်ရွက်ဖို့ စီစဉ်လျက်ရှိတယ်။ အခုလို ကော်မရှင်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှုဟာ အစိုးရအသစ်ရဲ့ ထူးခြားတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်တယ်။ တစ်ကြိမ်တစ်ခါမှ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘူး။


အခုလို ပူးပေါင်းဆောင်ရွက်မှုကို ဝန်ကြီးဌာနတစ်ခု ချင်းအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ဖော်ထုတ်ဖို့ ကျွန်တော်က တိုက်တွန်းချင်ပါတယ်။ အုပ်ချုပ်ရေးအင်အားနဲ့ တန်ဖိုးထားမှုကို ဦးစားပေးတဲ့ အဖွဲ့အစည်းနဲ့ ပေါင်းစပ်သင့်တယ်၊ ပေါင်းစည်းစေချင်တယ်။ ပုဂ္ဂလိကကဏ္ဍ အဂတိဆန့်ကျင်ရေးအစီအစဉ်ကို မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နဲ့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိ လိုက်စားမှုတိုက်ဖျက်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖြစ်ပေါ်လာအောင် စီစဉ်ဆောင်ရွက်နေတာမို့ အစိုးရဌာနတွေမှာလည်း အခုလို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။   ။