ကျွန်တော်နဲ့ကိုရန်ပိုင်စိုး အမှတ်တရများ

နိုင်ဇော်(Lazy Club)

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရလို့ စာရေးရမယ့် အလုပ်တွေ မရှိတော့သလို၊ ရေးစရာဂျာနယ်တွေလည်း မရှိချိန် မထင်မှတ်ဘဲစာရေးဖို့အကြောင်း ဖန်လာလို့ စာရေးစားပွဲထိုင်ရပါတော့တယ်။ မနက် ၁၁ နာရီ ၁၁ မိနစ်က ကွယ်လွန်သွားတဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော အစ်ကိုကြီး (ရေဒီယိုအဆိုတော်) တာတူးလေး(ခ)ရန်ပိုင်စိုးအကြောင်း အမှတ်တရလေးရေးပေးစေချင်ပါ တယ်လို့ ဖုန်းဆက်ပြောလာလို့။ တကယ်လည်း စိတ်မကောင်းစွာနဲ့ ညနေချက်ချင်းရေးပေးပါ့မယ် ကတိပေးလိုက်မိပါတယ်။ ဒါကလည်း နံနက်ခင်း ဂျာနယ်မှာ ရေးတုန်းက အနုပညာရှင်တစ်ယောက် ကြွေလွင့်ရင် ဂျာနယ်ထွက်ရက်နဲ့ အချိန်မီရေးခဲ့တဲ့ အတွေ့အကြုံကြောင့်ပါ။ အခုလည်း ကိုရန်ပိုင်စိုး(သူနဲ့ သက်တူရွယ်တူတွေကတော့ တာတူးလို့ ခေါ်ကြပါတယ်) နဲ့ ကျွန်တော် ရှားရှားပါးပါး ခင်မင်မှုအကြောင်းလေး စာရေးဖို့ ပြန်စဉ်းစားရပါတော့တယ်။


တကယ်တော့ ကိုရန်ပိုင်စိုးဟာ ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားဘဝ အိမ်မှာရေဒီယိုမပြတ်တမ်း တစ်နေကုန်ဖွင့်လို့ နားထောင်နေရတဲ့အချိန်တည်းက “တာတူးလေး” ဆိုတဲ့ နာမည်ဆန်းဆန်းကို ကြားဖူး နေခဲ့သူပါ။ ရင်းနှီးနေခဲ့သူပါ။ သူဟာငယ်ငယ်ရွယ်ရွယ်နဲ့ ရေဒီယိုအဆိုကျော်ဖြစ်တယ်လို့ ခန့်မှန်းရလောက်အောင် ကျွန်တော်တို့ ဂီတလောကထဲဝင်ရောက်ပြီး စတိတ်ရှိုး တွေ၊ မင်္ဂလာပွဲတွေမှာ ပြန်တွေ့တော့လည်း ရုပ်ရည် ကြည်ကြည်လင်လင်၊ ဝဝဖြိုးဖြိုး၊ မျက်ခုံးမွေး ကောင်းကောင်း၊ အပြုံးအရယ်နဲ့ အမြဲတွေ့ရတဲ့သူ၊ ခင်မင်စရာကောင်းလွန်းသူမို့ ရေဒီယို၊ စတီရီယို၊ ဂီတကွဲပြားပြီး ဆံပင်ရှည်နဲ့ လမ်းသရဲလို့ အဆင့်ခွဲခြား ဆက်ဆံကြရတဲ့ ရှေးရိုးဂီတသမားကြီးတွေရဲ့ အရိပ် အယောင်လုံးဝမတွေ့ရဘဲ ဖော်ရွေပျူငှာတဲ့ ညီအစ်ကို စိတ်နဲ့ ပြန်တွေ့ကြရလို့ သူ့အောင်မြင်မှုသက်တမ်းမှာ ခပ်ငယ်ငယ်လို့ပဲ ထင်မိပါတယ်။ သူနဲ့အဲဒီအချိန်တွေ့တော့ ရန်ပိုင်စိုး ဖြစ်နေပါပြီ။ နောက်ပိုင်း မင်္ဂလာဆောင်တီးဝိုင်း တစ်ခေတ်မှာ မင်္ဂလာပွဲတွေသီဆိုကြတဲ့ ရေဒီယို အဆိုတော်တွေ အခမ်းအနားမှူးလုပ်ကြတဲ့ခေတ် ရောက် လာပါတော့တယ်။ (ကို)သန်းမြတ်စိုး(တက္ကသိုလ်ကိုကိုဇော်)၊ ကိုရန်ပိုင်စိုးတို့ မတိမ်းမယိမ်း မြန်မာဝတ်စုံ တွေဝတ်၊ ခေါင်းပေါင်းတွေနဲ့ ကျက်သရေရှိစွာ မင်္ဂလာအခမ်းအနားမှူးလောကထဲဝင်လာတော့မှ ကျွန်တော်နဲ့ လှလှပပ တကယ်တွေ့ကြပါတော့တယ်။ ဘာကြောင့် လှလှပပတွေ့ကြသလဲဆိုတော့ မင်္ဂလာဆောင် တီးဝိုင်း နဲ့ အခမ်းအနားမှူးဆိုတာ ခေါင်းနဲ့ပန်းလိုပတ်သက်နေပါ တယ်။


မင်္ဂလာပွဲတစ်ခုမစခင် တီးဝိုင်းဆရာနဲ့ အခမ်းအနား မှူးက ကြိုတင်ညှိကြရပါတယ်။ ဘယ်အချိန်စချင်လဲ၊ ဘယ်သူအခါတော်ပေးဆိုမှာလဲ၊ ဘယ်လောက်အချိန် ကြာချင်လဲ၊ မင်္ဂလာပွဲစောထွက်ချင်လား၊ နောက်ကျ စေချင်လား စသည်ဖြင့် မေးရသလို သူ့ဘက်ကလည်း ကျွန်တော်တို့ တီးဝိုင်းနာမည်နဲ့ ကျေးဇူးတင်စကား ပြောပေးဖို့ အတိအကျသူသိချင်တဲ့နာမည်တွေ၊ မင်္ဂလာ အဆိုတော်နာမည်ကအစ ကြိုမေးရတော့ တစ်နေ့လေးပွဲ ယုဇနဂါးဒင်းမှာ စနေ၊ တနင်္ဂနွေမှာ မင်္ဂလာအခမ်း အနားမှူးကျရာ ဦးသိန်းလှမော်၊ ဦးကျော်စိုးဦး၊ ဦးဝင်းတင်၊ ဦးရန်ပိုင်စိုး စသည်ဖြင့် မတွေ့မဖြစ် ရှစ်နှစ် လောက်အတူ အလုပ်လုပ်ကြတော့ သူတို့နဲ့ကျွန်တော်တို့ တွေ စကားပြောတယ်ဆို တကယ့်ကိုထိထိမိမိ စကြ နောက်ကြဖို့ အချိန်သတ်မှတ်ထားသလို အကန့်အသတ် အချိန်လေး တန်ဖိုးရှိရှိခင်မင်ခဲ့ကြသူတွေပါ။


ကိုရန်ပိုင်စိုးက ကျန်တဲ့သူတွေထက် နည်းနည်းပိုတွေ့ ဖြစ်တာက MRTV မြန်မာ့ရုပ်မြင်သံကြား ဆိုကြမယ်ပျော်ကြ မယ်အစီအစဉ်မှာ အခမ်းအနားတင်ဆက်သူလည်းလုပ်တော့ အန်တီလဲ့(တက္ကသိုလ်လဲ့လဲ့) က ကျွန်တော့်ကို ဧည့်သည် အဖြစ် ဒိုင်လုပ်ပေးဖို့အကူအညီတောင်းရင် သွားထိုင်ပေးရ၊ သွားတီးပေးရနဲ့ သူနဲ့ကိုညောင်ညောင်ရဲ့ ရယ်စရာတွေ ကြားမှာလည်း တကယ့်ကိုပျော်စရာကာလတွေ ကြုံခဲ့ဖူး ပါတယ်။ နောက်ထပ်ခင်မင်ဖူးတာကတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ၂၀၀၆ ခုနှစ် ကျွန်တော်အရွေးခံရတော့ ကိုရန်ပိုင်စိုးကလည်းအရွေးခံရလို့ တွဲဖက်အတွင်းရေးမှူး(၂) တာဝန်ယူထားလို့ ဂီတအစည်းအရုံးမှာ အစည်းအဝေးတွေ တက်ကြ၊ အဆိုတွေတင်သွင်းကြ၊ ငြင်းကြ၊ ခုံကြချိန် ကျွန်တော်က တကယ့်ကို သွေးဆူအမျိုးအစား၊ ကိုရန်ပိုင်စိုး ကတော့ တကယ့်ငြိမ်းချမ်းရေးပါ။ ဒီလိုစရိုက်မတူကြပေမယ့် ကျွန်တော်က ဘယ်လိုကဘယ်လို ဟာသဝါသနာ ပါမှန်း မသိပါပြီး တွဲလိုက်ရတဲ့လူတိုင်းက ရယ်စရာပြောတတ်မှ ပေါင်းသလို၊ လူပျက်ပေါင်းစုံ၊ ဟာသသမားပေါင်းစုံနဲ့တွဲခဲ့ရင်း ကိုယ့်ဘာသာကိုယ် ဟာသစာရေးဆရာတန်းထဲ မထင်မှတ် ဘဲ ရောက်ရပါတော့တယ်။ MRTV 4 ၊ Reader Channel မှာ ကိုအကြည်တော်ကတောင် ဟာသစာပေခေါ်ပြီး ဆွေးနွေး ခိုင်းလို့ ဝင်ပြောတာ လူတွေလမ်းတွေ့တိုင်း သဘောကျ ကြောင်း အပြောခံရတာအမှတ်တရပါ။ ဒါကြောင့် နံနက်ခင်း ဂျာနယ်မှာ ကိုရန်ပိုင်စိုးတို့ရဲ့ မင်္ဂလာအခမ်းအနားမှူးတွေ ရဲ့ အလွဲတွေ ဟာသဆောင်းပါးတစ်ခုရေးဖို့ တစ်နေ့ (၂၀၀၈ ခုနှစ်လောက်) ဂီတအစည်းအရုံးက သူတို့ရုံးခန်းထဲ သွား သူ့ကိုခွင့်တောင်းပြီး သူကြုံတွေ့ခဲ့ရတဲ့ ဟာသလေး တွေကိုမေးပြီး ပရိသတ်ကိုတင်ပြချင်ပါတယ်ဆိုတော့ သူကလိုလိုချင်ချင် သူ့အတွေ့အကြုံလေးတွေကို ပြန်ပြော ပြတာ အခုတော့သူမရှိတော့ချိန် ၂၄ နာရီမပြည့်သေးပေ မယ့် ကျွန်တော် သူ့အမှတ်တရ ပြန်တင်ဆက်ပေးလိုက်မိ ပါတော့တယ်။


သူပြောပြတဲ့အထဲက နှစ်ချက်ကို ကျွန်တော်ပြန်ရေး ပြချင်ပါတယ်။

ပထမအဖြစ်အပျက်တစ်ခုက ကိုရန်ပိုင်စိုး အခမ်း အနားမှူးလုပ်တဲ့ မင်္ဂလာပွဲတစ်ခုမှာ ဌာနဆိုင်ရာ (အရာရှိ တစ်ဦး)က လာပြီးလက်ထပ်လက်စွပ်ဝတ်ပေးဖို့ ဖြစ်ပါ တယ်။ ဒါကြောင့် ကိုရန်ပိုင်စိုးလည်း လက်စွပ်ဝတ်ပေးဖို့ အရာရှိအန်ကယ်ကြီးကို ခေါ်လိုက်ပါတယ်။


စင်ပေါ်ရောက်လာတော့ အရာရှိအန်ကယ်ကြီးက သူ့ကိုနှုတ်ဆက်ပြီး သတို့သားနဲ့ သတို့သမီးကို မင်္ဂလာ လက်စွပ်ဝတ်ပေးဖို့ လက်စွပ်ဘူးကိုယူပြီး ဖွင့်လိုက်ပါတယ်။ အဲဒီမှာ အန်ကယ်ကြီး မျက်လုံးပြူးသွားပါတယ်။ ဘာလို့လဲ ဆိုတော့ လက်စွပ်ထည့်တဲ့ဘူးထဲမှာ လက်စွပ်ပါမလာလို့ပါပဲ။ မင်္ဂလာပွဲရှင်တွေက မေ့ပြီးကျန်ခဲ့တာပါ။ ဒါပေမယ့် လက်စွပ် ဝတ်ပေးရမယ့် အန်ကယ်ကြီးက ဘာလုပ်ရမှန်းမသိ တော့ဘူးဖြစ်နေပါတယ်။
ကင်မရာမင်းတွေ၊ ဗီဒီယိုရိုက်သူတွေကလည်း ရိုက်နေ ကြပါတယ်။ ဒါကြောင့် ကိုရန်ပိုင်စိုးက “အန်ကယ်ဘာမှမရှိတဲ့ ဘူးထဲက လက်စွပ်ရှိသလို ဟန်ဆောင်ပြီးထုတ်လိုက်၊ ပြီးတော့ လက်ထဲကလက်စွပ် (ရှိသလို)နဲ့ သတို့သမီး၊ သတို့သားလက်ထဲကို ဝတ်ပေးချင်ယောင်ဆောင်လိုက်ပါ" လို့ ရုတ်တရက် (ရုပ်ရှင်သရုပ်ဆောင်ပီပီ) အိုက်တင်လုပ်ဖို့ သင်ပေးလိုက်မှ လက်စွပ်ဝတ်ပေးရမယ့် အန်ကယ်ကြီးလည်း သဘောပေါက်သွားပြီး ဘာမှမရှိတဲ့လက်စွပ်ကို ရှိသလို ဟန်ဆောင်ပြီး ဝတ်ပေးလိုက်မှ အဆင်ပြေသွားပါတယ်။ ကင်မရာမင်းတွေကလည်း ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ကြ တာပေါ့။


သူပြောပြတဲ့ ဒုတိယအဖြစ်အပျက်တစ်ခုကတော့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အခမ်းအနားမှူးသွားလုပ်ရတဲ့ ပွဲတွေဆိုရင် တီးဝိုင်းမရှိတဲ့၊ မပါတဲ့အတွက် မင်္ဂလာစကား ပြောပြီးလို့ သတို့သား၊ သတို့သမီးကို စင်မြင့်ပေါ် ဖိတ်ခေါ်မယ်ဆိုရင် ခြောက်ကပ်ကပ်ကြီး တီးလုံးမပါဘဲ ပွဲထွက်ကြတာမျိုးဖြစ်လေ့ရှိတော့ အဲဒီအခက်အခဲကို ဖြေရှင်းတဲ့အနေနဲ့ မင်္ဂလာသီချင်း (အခါတော်ပေး)ကို အဆိုတော် တင်တင်မြ၊ ဟေမာနေဝင်း၊ စိုးစန္ဒာထွန်းစသဖြင့် အဆိုတော်တွေရဲ့ ဆိုထားတဲ့ ကက်ဆက်ခွေလေးကို ယူသွားပေးလေ့ရှိပါတယ်။ မင်္ဂလာရှင်တွေကို ပွဲထွက်ဖို့ တီးဝိုင်း၊ အဆိုတော်ပါလားမေးပြီး မပါခဲ့ရင် သူယူခဲ့တဲ့ ကက်ဆက်ခွေထဲက ကြိုက်တဲ့အဆိုတော်ရဲ့အသံနဲ့ ပွဲထွက် ဖို့ ဖွင့်ခိုင်းလိုက်ရုံပါပဲ။


အဲဒီလို အဆင်ပြေအောင်လုပ်ပေးဖို့ သူတတ်နိုင် သလောက်ကြိုးစားထားလို့ ဆင်ခြေဖုံးမြို့နယ်တစ်ခုက မင်္ဂလာဆောင်တစ်ခုရောက်သွားတဲ့အခါ အခါတော်သီချင်း ဆိုပေးမယ့် အဆိုတော်နဲ့၊ တီးဝိုင်းမငှားထားတဲ့အကြောင်း၊ မင်္ဂလာပွဲရှင်တွေက ပြောပြလို့ သူ့ကက်ဆက်ခွေလေးကို ဖွင့်ပေးဖို့ အသံချဲ့စက်ဆရာကို သွားပေးပါတယ်။ စက်ဆရာကို သူက “ညီလေး ဒီသီချင်းခွေလေးကို ပွဲစမယ် ဆိုရင် ဖွင့်ပေးပါကွာ” လို့ ရိုရိုသေသေပေးပါတယ်။ စက်ဆရာက သူ့မျက်နှာကို ပြန်ကြည့်ပြီး လက်က စားပွဲခုံကိုတောက်နေပါတယ်။ ပါးစပ်ကလည်း လေချွန် နေပါတယ်။ ခြေတစ်ဖက်ကလည်း ဒူးပေါ်ကန့်လန့် တင်ထားပြီး မထီလေးစားနဲ့ သူ့ကို ပြန်ကြည့်နေပါတယ်။ ပြီးတော့မှ “ကက်ဆက်ခွေ ခေတ်ကုန်သွားပြီ၊ ကျွန်တော့် စက်မှာ ကက်ဆက်မပါဘူး။ ဒီဗွီဒီစက်ပဲပါတယ်။ သီချင်း လည်း ဗွီစီဒီခွေပဲသုံးတယ်” ဆိုပြီး မထီလေးစားပြန်ဖြေပါ တယ်။ ကိုရန်ပိုင်စိုးလည်း စက်ဆရာရဲ့ အမူအရာကို မကြိုက်ပေမယ့် သူ့ဘက်က ခေတ်မမီတော့တာကို ဝန်ခံပြီး “ကိုယ်ကကက်ဆက်ခွေပဲ ပါလာလို့ ဆောရီးပါပဲ ညီလေးရာ၊ အဲဒီတော့ ပွဲစမယ်ဆိုရင် ကိုယ်အချက်ပြ လိုက်မယ်။ ညီလေးက မင်္ဂလာသီချင်းဖွင့်ပေးပါ” လို့ပဲ ပြောခဲ့ပါတယ်။ အဲဒီဗွီစီဒီကလည်း ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ မင်္ဂလာအခမ်းအနားခွေ (မူရင်း)ပါ။ ဒါကြောင့် သူဖွင့်ချင်တဲ့ သီချင်းနံပါတ်ကိုပဲ ပြောခဲ့ပါ တယ်။


တကယ်ပွဲထွက်ရမယ့်အချိန်မှာ သတို့သား၊ သတို့ သမီးက မြက်ခင်းပြင်လေးမှာ နေရာယူပြီးပါပြီ။ ဒါနဲ့ သူက စက်ဆရာကိုဖွင့်တော့လို့ အချက်ပြလိုက်ပါတယ်။ အဲဒီမှာ စက်ဆရာက သူ့ထုံးစံအတိုင်း လေချွန်ပြီး နံပါတ် နှိပ်လိုက်ပါတယ်။ သတို့သားနဲ့ သတို့သမီးလည်း တောင်ကုန်းလေးအတိုင်း ပရိသတ်တွေဘက်ကိုလာ နေတော့ ခေါင်းပေါင်းလေးက တဖြည်းဖြည်းနဲ့ မြင့်တက် လာပါတယ်။ တီးလုံးက မထွက်သေးပါဘူး။ ဒါကြောင့် စက်ဆရာကို ဘယ်လိုလဲ မေးငေါ့ပြပါတယ်။ စက်ဆရာ ကလည်း ဒီဗွီဒီစက်ကို လက်ညှိုးထိုးပြပြီး လေချွန်နေပါ တယ်။ ဒူးကလည်း နှန့်နေပါတယ်။ သတို့သား၊ သတို့သမီး လည်း ပရိသတ်က တွေ့ရတဲ့အချိန်မှာ အသံကြားရပါ တော့တယ်။ “အရှင်ရုက္ခစိုးနတ်မင်းကြီး၊ ကျွန်တော့်ရဲ့ သားလေး အရှင်ရုက္ခစိုးနတ်မင်းရဲ့ ညောင်ပင်အောက်မှာ အပေါ့သွားခဲ့တဲ့အတွက်…….” စသဖြင့် ယင်လုံအိမ်သာဆောက်လုပ်ရမယ့်ပညာပေးပြကွက်ပါတဲ့ အသံထွက်လာ ပါတယ်။ အဲဒီမှာ အသံချဲ့စက်ဆရာလည်း ဒုက္ခရောက် တော့တာပါပဲ။ သူက သီချင်းနံပါတ် (၆) ဆိုရင် ဗွီစီဒီမှာက အဲဒီနံပါတ်အတိုင်း သီချင်းမထွက်ပါဘူး။ အကျိုးပြု အစီအစဉ်တွေပါရင် နံပါတ်တွေလွဲကုန်တတ်ပါတယ်။ သူ့ဒီဗွီဒီစက်ကိုကျော်လိုက်တော့လည်း “ဆရာမ သမီး ဗိုက်တွေ အောင့်အောင့်နေတယ်” ဆိုတဲ့ ယင်လုံအိမ်သာ အကြောင်းပဲ အသံထွက်နေပါတော့တယ်။ အဲဒီမှာပဲ သတို့သား၊ သတို့သမီးလည်း စိတ်ဆိုးပြီး စင်မြင့်ပေါ် ရောက်ခဲ့ရပါတော့တယ်။ ဒါလေးကတော့ ကိုရန်ပိုင်စိုး ပြောပြတဲ့ မင်္ဂလာအခမ်းအနားမှူး အလွဲလေးတွေ ဖြစ်ပါ တယ်။
အစ်ကိုရေ တကယ်တော့အဲဒီဟာသဆောင်းပါးလေး ကျွန်တော်ရေးတာ အစ်ကို့ပရိသတ်တွေ ကြိုက်လွန်းလို့ မင်္ဂလာပွဲတွေငှားတိုင်း အမြဲပြောကြတယ်လို့ ကျွန်တော်နဲ့ ဘယ်နေရာပြန်ဆုံပြန်ဆုံ အစ်ကို ဦးဆုံးစပြောခဲ့တာ။ အခုတော့ ကိုဗစ်ကပ်ဆိုးကြီးကြောင့် ကျွန်တော်တို့ အနုပညာလောကထဲက ကြွေလွင့်ရတဲ့ ပထမဆုံး အနုပညာရှင်ကြီးတစ်ယောက် ဖြစ်ခဲ့ပါပြီ။ အစ်ကို့ရဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Live Show “ဘဝတိုက်ပွဲဆိုတာ” အစ်ကိုအခုလိုအခြေအနေဖြစ်မှာ ကြိုသိလို့များ ပေးခဲ့တဲ့ နာမည်လားလို့... ဂီတတိုက်ပွဲတွေ၊ အနုပညာတိုက်ပွဲ တွေ အဆက်ဆက်အောင်မြင်ခဲ့ပြီး ကိုဗစ်ဆိုတဲ့ ရောဂါ ဆိုးကြီးမှာ ကျဆုံးခဲ့ရတဲ့ အစ်ကို့အတွက် အမြဲအမှတ်ရ သတိတရ ဖြစ်နေတော့မှာပါ။ အစ်ကိုရောက်ရာဘဝမှာ ပျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပျော်နေမယ့် ဘဝရောက်မယ်လို့လည်း ယုံကြည်ပါတယ်။ ။