ကပ်ရောဂါကာလအတွင်း တားမြစ်ချက်ကို မလိုက်နာဘဲ ဖွင့်လှစ်သည့် မကွေးကမ္ဘာ KTV ကို ရဲတပ်ဖွဲ့က ဝင်ဖမ်း

မကွေး  ၂၇  နိုဝင်ဘာ

မကွေးမြို့၊ အောင်မေတ္တာ(စီ) ရပ်ကွက်အတွင်း၌ ကပ်ရောဂါကာလအတွင်း တားမြစ်ချက်ကို မလိုက်နာဘဲ ခွင့်ပြုချက်မရှိ ဖွင့်လှစ်နေခဲ့သည့် မကွေးကမ္ဘာ KTV ကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်တွင် သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

KTV အတွင်း K-5 အခန်းထဲမှ သီချင်းသီဆိုနေသူ အမျိုးသားများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး သီချင်းအကူ သီဆိုသူ ယွန်းမီ နှင့် ချစ်စနိုးတို့ကို ဖမ်းဆီးမိခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

"သတင်းရလို့ ဝင်ဖမ်းတာပါ။ နောက်လည်း သတင်းရရင် အရေးယူတာတွေ ဆက်လုပ်သွားမှာပါ '' ဟု မကွေးနယ်မြေစခန်းမှူး ရဲအုပ်ဇော်ဝင်း က ပြောသည်။

 

သက်သေခံပစ္စည်းများနှင့် ဆိုင်တာဝန်ခံ နိုင်လင်းဆိုသူကို သက်သေများရှေ့မှောက်တွင် သက်သေခံ ပစ္စည်းများနှင့်တကွ ထိန်းသိမ်းဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသူများကို မကွေးနယ်မြေစခန်း (ပ)၈၆၃၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ အရေးယူအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ က သိရသည်။

 

ဖမ်းဆီးရေးလုပ်ငန်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

 

ယခုအရေးယူမှုမှာ ကိုဗစ်ဒုတိယလှိုင်းတွင် ပထမဆုံး အရေးယူမှုဖြစ်ပြီး ကိုဗစ်ပထမလှိုင်းကာလကလည်း မကွေးမြို့တွင် တားမြစ်ချက်ဖောက်ဖျက်ခဲ့သည့် KTV တစ်ခုနှင့် အနှိပ်ခန်းတစ်ခုတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးမှုရှိခဲ့ကြောင်း သိရသည်။

ဇေယျတု( မကွေး)