ကွတ်ခိုင်မြို့လယ် မီးပွိုင့် တာမိုးညဲ လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်

ကွတ်ခိုင်  ၁၇   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့လယ်မီးပွိုင့် တာမိုးညဲလမ်းဆုံ၌ ယမန်နေ့ည ၉ နာရီအချိန်ခန့်တွင် ကုန်တင်ယာဉ်ကြီးအား အိမ်စီးယာဉ်ငယ်မှ ကျော်တက်ရာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်တွင် လိုက်ပါသူများ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိကာ  သေဆုံးမှု မရှိကြောင်း သိရသည်။

 

25

 

ဖြစ်စဉ်မှာ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး  ကွတ်ခိုင်မြို့လယ်မီးပွိုင့် တာမိုးညဲလမ်းဆုံတွင် လားရှိုးဘက်မှ မူဆယ်ဘက်သို့  ဖရဲသီးများတင်ဆောင်ပြီး မောင်မြင့်စိုး မောင်းနှင်လာသည့်  ၁၂ ဘီး အနီရောင်ယာဉ်အား လားရာတူမှ ကပ်လျှက်လိုက်ပါလာသော အိမ်စီးယာဉ်မှ ကျော်တက်‌မောင်းနှင်ပြီး လမ်းမကြီး၏ယာဘက်ခြမ်းရှိ ကွတ်ခိုင်-တာမိုးညဲ သွား လမ်းဘက်သို့ ရုတ်တရက်ချိုးကွေ့ဖြတ်သန်း မောင်းနှင်လိုက်ရာ လမ်းမှန်အတိုင်း မောင်းနှင်လာသည့်(၁၂)ဘီးယာဉ်မှ အရှိန်မထိမ်းနိုင်ဘဲ အိမ်စီးယာဉ်ကို ဝင်ရောက်တိုက်မိသဖြင့် ယာဉ်(၂)စီးမှာ လမ်း၏ယာဘက်ခြမ်း မော်ဒန်စတိုးဆိုင်အရှေ့ ရေမြောင်းထဲသို့ တိမ်းမှောက်သွားခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် အိမ်စီးယာဉ် မောင်းနှင်သူ တန်မိုင်မှာ ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ယာဉ်ပေါ်တွင်ပါလာသူ လဒေါင်တွင် ပွန်းခြစ်ဒဏ်ရာ(၁)ချက်၊ ခါးနာကျင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)နှင့် ၁၂ ဘီးယာဉ်မှ  ယာဉ်နောက်လိုက် ရဝေအောင်တွင် ဝဲဒူးပွန်းခြစ်ဒဏ်ရာ(၁)ချက်၊ ဝဲဖနောင့်နာကျင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 

5

 

ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ တန်မိုင် အား ကွတ်ခိုင်မြို့နယ်ရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)