ကုန်ကျစရိတ်သက်သာသော ရေမွှေးပန်းစိုက်ပျိူးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

မြို့သစ်၊ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာအုပ်စု တပ်ကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် မြေအောက်ရေကိုအသုံးပြုပြီး စိုက်ပျိုး၍ရရှိသော သီးနှံပင်များကို ရွေးချယ်၍ စိုက်ပျိုးလာသည်ဖြစ်သော ရေမွှေးပန်းများကိုသာ စိုက်ပျိုး၍ မိသားစုအတွက် စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။

           

ရေမွှေးပန်းများ စိုက်ပျိုးရာတွင် အခြာအပင်များကဲ့သို့ မျိုးစေ့ချ စိုက်ပျိုးရခြင်းမဟုတ်ဘဲ ကိုင်းကူးစိုက်ပျိုးရသော အပင်အမျိုးအစားဖြစ်သည်။  စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးမည့်မြေအား စနစ်တကျ ထွန်းယက်ပြီး  ဘောင်ထိုးခြင်း၊ မြောင်းဖော်ခြင်းများကို ဦးစွာလုပ်ကိုင်ရသည်။ ကိုင်းကူးရာတွင်လည်း ကိုင်းကူးယူရမည့်အပင်ကို သီးသန့်စိုက်ပျိုးရသည်။

           

မြို့သစ်မြို့နယ် တပ်ကုန်းအုပ်စု၊ ဆင်ဖြူချီအုပ်စုများရှိ တောင်သူအများစုသည် ကုန်ကျစရိတ်သက်သာသော ရေမွှေးပန်းများကိုသာ အများဆုံးစိုက်ပျိုးကြသည်။ ထွက်ရှိလာသော ပန်းများကို မြို့သစ်မြို့  မြို့မစျေးတွင်လည်းကောင်း၊ တောင်တွင်းကြီးမြို့နှင့် နတ်မောက်မြို့၊  ပျော်ဘွယ်မြို့များသို့ မိမိတို့ဆိုင်ကယ်ပေါ် သို့တင်ဆောင်၍ သွားရောက်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိပါကြောင်း တပ်ကုန်းကျေးရွာတောင်သူ ဦးမောင်ပု ထံမှသိရသည်။

 

ကိုဇော် (ပြန်/ဆက်)