ကုန်တင်ယာဉ်နောက်တွဲအတွင်း သေဆုံးသူများထဲတွင် ဗီယက်နမ်နိုင်ငံသားများလည်း ပါဝင်နိုင်ကြောင်းသိရ

လန်ဒန်   ၂၇  အောက်တိုဘာ

အင်္ဂလန် အရှေ့တောင်ပိုင်းရှိ အက်ဆက်မြို့တွင် ကုန်တင်ယာဉ်တစ်စီး၏ နောက်တွဲအတွင်း လူသေအလောင်း ၃၉ လောင်း တွေ့ရှိခဲ့ရာ ၎င်းတို့ထဲမှ ခြောက်ဦးမှာ ဗီယက်နမ်နိုင်ငံမှ ဖြစ်နိုင်ကြောင်း သိရသည်။

ဗီယက်နမ်မိသားစုခြောက်စုက ကုန်တင်ယာဉ်အတွင်း သေဆုံးသူများတွင် ၎င်းတို့၏ဆွေမျိုးများ ပါဝင်သည့်အတွက် ဝမ်းနည်းပူဆွေးနေကြသည်။ သေဆုံးသူများတွင် အသက် ၂၆ နှစ်အရွယ် ဖန်သီတာရာမိုင် ဆိုသည့် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ ၎င်းသည် အင်္ဂါနေ့က အသက်ရှူ၍မရဟု စာတိုပေးပို့ခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦးကိုလည်း လူသေစေမှု၊ လူကုန်ကူးရန် ပူးပေါင်းကြံစည်မှုတို့ဖြင့် စတန်းဆက်လေဆိပ်တွင် ဖမ်းဆီးခဲ့သည်။ ဝါရှင်တန်မှ အမျိုးသားနှစ်ဦးကိုလည်း လူသေစေမှု၊ လူကုန်ကူးရာတွင် ပူးပေါင်းကြံစည်မှုတို့ဖြင့် ဖမ်းဆီးထားသည်။ ကုန်တင်ယာဉ် ဒရိုင်ဘာကိုလည်း လူသတ်မှုဖြင့် သံသယရှိသည့်အတွက် ဖမ်းဆီးထားသည်။

ဖန်သီတာရာမိုင်၏ အစ်ကိုဖြစ်သူက ၎င်း၏ညီမကို ဗြိတိန်နိုင်ငံအတွင်း ခေါ်ဆောင်နိုင်ရေး လူမှောင်ခို သမားများကို ပေါင် ၃၀၀၀၀ ပေးခဲ့ရကြောင်း၊ နောက်ဆုံးအဆက်အသွယ်ရသည့်နေရာမှာ ဘယ်လ်ဂျီယံနိုင်ငံဖြစ်ကြောင်း ပြောသည်။ အောက်တိုဘာ ၂၃ ရက်မှစတင်ကာ ညီမဖြစ်သူနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ ဘယ်လ်ဂျီယံမှဗြိတိန်သို့ လာရာလမ်းတစ်လျှောက်တွင် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီ