ကူးစက်နှုန်းအဆမတန်မြင့်လာတဲ့ ဘရာဇီးနဲ့ စီးပွားရေးပြန်စဖို့ တာစူနေပြီဖြစ်တဲ့ အမေရိကန်

ခြူးစန္ဒီနွေး

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအတွင်း ကူးစက်မှုလျော့ကျ သွားပြီးတဲ့နောက် ဥရောပဟာ ကူးစက်ခံရမှု ဗဟိုချက်မ ဖြစ်လာခဲ့ပါတယ်။ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ဥရောပမှာ ကိုဗစ် -၁၉ ကူးစက်မှု အဆိုးဆုံးဒဏ်ခံရတဲ့ နိုင်ငံတွေပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ ကိုဗစ် -၁၉ ကူးစက်မှု ဗဟိုချက်မနေရာဟာ အမေရိကန်ဖြစ်သွားပြန်တယ်။ ဒီလိုနဲ့ အမေရိကန်ဟာ ကူးစက်ခံရမှုနှင့်သေဆုံးမှု အမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။

 

ကူးစက်မှု ဗဟိုချက်မ နေရာသစ်

အမေရိကန်ရဲ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်ဖို့ စီးပွာရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြည်နယ်အစိုးရတွေကို အမေရိကန်သမ္မတ ထရမ့်က ဖိအားပေးနေချိန်မှာ ကိုဗစ် -၁၉ ကူးစက်မှုရဲ့နောက်ထပ်ဗဟိုချက်မ နေရာသစ်ဟာ လက်တင်အမေရိကပဲလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။


အမေရိကအလယ်ပိုင်းနှင့် တောင်အမေရိကတို့မှာ ကူးစက်မှုများ မြင့်တက်လာပြီးတဲ့နောက် တစ်ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုကို ၅ ဒသမ ၂ သန်းအထိ ဖြစ်လာစေခဲ့ပါတယ်။ သေဆုံးသူ ၃၃၇၀၀၀ အထိ ရောက်ရှိသွားတယ်။ ကိုဗစ် -၁၉ ဒဏ် ကို အဆိုးရွားဆုံးခံစားရတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံတို့တောင် ပြန်လည်သက်သာလာတဲ့ အဆင့်ကို ချဉ်းကပ်လာပါပြီ။

 

ဘရာဇီးနိုင်ငံမှာ ကူးစက်မှုအလွန်များလာ

ဘရာဇီးနိုင်ငံမှာတော့ ကူးစက်မှုများတစ်စ တစ်စများပြားလာခဲ့ပြီး ထင်မှတ်မထားသည့် အခြေအနေအထိ ရောက်သွားပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုဗစ် -၁၉ ကြောင့်သေဆုံးသူ ၂၀၀၀၀ အထိရှိပြီး ကူးစက်ခံရသူ ၃၁၀၀၀၀ အထိ ရှိလာ ပါတယ်။ အဲဒီပမာဏဟာ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ပြီးရင် တတိယအများဆုံး ပမာဏပါပဲ။
တောင်အမေရိကဟာ ကူးစက်ရောဂါ ဗဟိုချက်မနေရာသစ်ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရေးပေါ်ကိစ္စရပ်များ ဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ရွိုင်ယန်က မေ ၂၂ ရက်တွင် ပြောကြားခဲ့ပါတယ်။ အဆိုးဆုံး ထိခိုက်ခံရတာတော့ ဘရာဇီးပါပဲလို့ သူက ဆက်ပြောပါတယ်။


လူငယ်အများစု သေဆုံးရတဲ့ ဘရာဇီး

ဥရောပနဲ့အမေရိကန်တို့မှာ ကိုဗစ် -၁၉ ကြောင့် သေဆုံးရသူတွေဟာ သက်ကြီးရွယ်အို အများစုပါ။ ဘရာဇီးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဘရာဇီးမှာတော့ သေဆုံးသူတွေဟာ ဆင်းရဲပြီး လုပ်ငန်းခွင်ကို မသွားမဖြစ်သွားနေရတဲ့ လူငယ်တွေ ဖြစ်နေပါတယ်။


ဘရာဇီးနိုင်ငံမှာ လူငယ်အင်အားထု များပြားပြီး အသက် ၆၀ အောက်တွေ ကူးစက်ခံရတာ အမြင့်ဆုံးဖြစ်နေပါတယ်လို့ ဘရာစီလာ တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ မာရိုဆန်ချက်ဇ်က ပြောပါတယ်။

 

လူတွေဟာ ဆင်းရဲမှုကြောင့် အခြားရွေးချယ်စရာမရှိဘဲ လုပ်ငန်းခွင်ဝင်ရတယ်။ ဒီလိုနဲ့ သေဆုံးမှုတွေများလာရတယ်လို့ သူကဆက် ပြောပါတယ်။ သေဆုံးသူတွေ မြင့်တက်လာတာနဲ့အမျှ အလောင်းမြှုပ်နှံပေးသူတွေဟာလည်း အလျင်မီအောင် မနည်းရုန်းကန်နေရပါတယ်။ တစ်နေ့မှာ ၁၂ နာရီလောက် အလုပ်လုပ်ရပြီး တစ်လောင်းပြီး တစ်လောင်းမြှုပ်နှံပေးနေရတယ်လို့ ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားတဲ့ အလုပ်သမားတစ်ဦးဖြစ်သူ ဗီလာဖာမိုဆာက ပြောပါတယ်။


ဖိအားများနှင့် သမ္မတထရမ့်

အမေရိကန်နိုင်ငံမှာလည်း သမ္မတထရမ့် ဟာ ကိုဗစ် -၁၉ အကျပ်အတည်းကနေ ရုန်း ထွက်နိုင်ရေးနည်းလမ်းတွေ ရှာဖွေနေပြီး ပြန်လည်ရွေးကောက်ခံရရေးအတွက် ရုန်းကန်နေရပါတယ်။ စီးပွားရေးနာလန်ထူနိုင်ဖို့ ပြည်နယ်အစိုးရ တွေကို ဖိအားတွေပေးလာ ပါတယ်။ ကူးစက်ရောဂါကြောင့် အမေရိကန် ရဲ့စီးပွားရေးဟာ ထိခိုက်နေရပါတယ်၊ အမေရိ ကန်နိုင်ငံအတွင်း ကူးစက်ခံရမှုတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပေမယ့် စီးပွားရေးထိခိုက်မှာ စိုးတာကြောင့် ကူးစက်ရောဂါကြောင့်ထားရှိတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။


ဘာသာရေးအဆောက်အအုံ ပြန်ဖွင့်မှာလား

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ် -၁၉ အဆိုးရွားဆုံးဒဏ်ခံနေရတဲ့ တိုင်း ပြည်ဖြစ်ပြီး လူပေါင်း ၁ ဒသမ ၆ သန်း ကူးစက်ခံ ထားရပါတယ်။ သေဆုံးသူကတော့ ၉၆၀၀၀ ကျော် ရှိပါတယ်။


ထရမ့်ရဲ့သဘောထားကတော့ တရားရိပ်သာတွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ အခြားသော ဘာသာရေး အဆောက်အအုံ တွေကို အစားအသောက်နဲ့ ဆေးဝါးအရောင်းဆိုင်တွေလိုဘဲ မရှိမဖြစ် လိုအပ်တဲ့အရာအဖြစ် တစ်တန်းတည်း သတ်မှတ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ ပါပဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြန်ဖွင့်ခွင့်ပေးသင့်၊ မသင့်ကို ဒီသီတင်းပတ် အကုန်မှာ မှန်ကန်စွာ ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။


အမေရိကန်မှ ဘာသာရေးယုံကြည်မှု ပြင်းထန်တဲ့ ကွန်ဆာဗေးတစ်တွေဟာ ထရမ့်ရဲ့ အမာခံ မဲဆန္ဒရှင်တွေလို့ ယူဆထားတာကြောင့် အခုလို တောင်းဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


မြို့တော်ဝန်ရဲ့ ဆုံးဖြတ်ချက်

ထရမ့်ကတော့ ဖိအားတွေပေးနေပါတယ်။ သမ္မတထရမ့်ဟာ ကူးစက်ရောဂါကြောင့် ပိတ်ဆို့ ထားမှုတွေကို ဖယ်ရှားပေးဖို့ ဆန္ဒပြသူတွေကိုတောင် ထောက်ခံကြောင်း ဖော်ပြခဲ့သူပါ။ လော့အိန်ဂျလိစ်မှာဆိုရင် ပိတ်ဆို့ကန့်သတ်မှု တွေ ဆက်လက်ထားရှိရင် ဒါဟာတရားမဝင် ဘူးလို့ ထရမ့်အစိုးရအဖွဲ့က သတိပေးထားတာတောင် မြို့တော်ဝန်ကတော့ ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိဆဲပါပဲ။

 

အခုကိစ္စမှာ နိုင်ငံရေးအရ လမ်းညွှန်မှုခံယူရမှာမဟုတ်ဘူး။ သိပ္ပံနည်းအရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့သာ ရှေ့ဆက်ရမှာဖြစ်တယ်လို့ မြို့တော်ဝန် အီရစ်ဂါစီတီက ပြောပါတယ်။

 

စီးပွား‌ရေး ပြန်စချင်နေပြီဖြစ်တဲ့ ထရမ့်

ထရမ့်ကတော့ ဒီလောက်နဲ့တင် ရပ်မသွားသေးပါဘူး။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ထားပေမယ့် ပရော်ဖက်ရှင်နယ်အားကစား သမားတွေကို ခြွင်းချက်ထားပြီး ပြန်ဝင်ခွင့်ပေးဖို့ ထရမ့်အစိုးရအဖွဲ့က မေ ၂၂ ရက်မှာ ကြေညာခဲ့ ပါတယ်။ ဒါဟာလည်း စီးပွားရေးပြန်လည်စတင်နိုင်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခုပါ။


အားကစားပြိုင်ပွဲတွေ ပြန်စနိုင်ဖို့ဟာလည်း စီးပွားရေးပြန်ထူထောင်နိုင်ဖို့ တစ်ဖက်တစ်လမ်းက အရေးပါပါတယ်။ ကျွမ်းကျင်သူ တွေကတော့ ကာကွယ်ဆေး၊ ကုသဆေးမပေါ်ခင် အချိန်အထိတော့ ပိတ်ဆို့ကန့်သတ်မှုတွေ ဆက်လက်ထားရှိရမယ်လို့ သတိပေးထားခဲ့ပါတယ်။ စီးပွားရေးကို အလျင်အမြန်ပြန်စလိုတဲ့ ထရမ့်အတွက်တော့ သဘောထားချင်း မတိုက်ဆိုင်လှပါဘူး။


ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေ

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ရတဲ့လုပ်ငန်းတွေမှာ လေကြောင်းလိုင်းတွေ၊ ခရီးသွားလုပ်ငန်းတွေဟာ အခြားလုပ်ငန်းတွေနဲ့ ယှဉ်ရင် အခြေအနေ ပိုဆိုးရွားလှပါတယ်။


အငှားကား ကုမ္ပဏီဖြစ်တဲ့ Hertz ဟာ ကိုဗစ် -၁၉ ကြောင့် စီးပွားရေးယိမ်းယိုင်ခဲ့ရပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ဒေဝါလီခံတော့ မယ်လို့ မေ ၂၂ ရက်က ကြေညာခဲ့ပါတယ်။


ကိုဗစ် -၁၉ ကြောင့် ဒေဝါလီခံရမယ့် အခြေအနေရှိနေတဲ့ လုပ်ငန်းတွေဟာလည်း မနည်းလှပါဘူး။ စီးပွားရေး လုပ်ငန်းတွေဟာ ဒီအကျပ်အတည်းက ရုန်းထွက်နိုင်ဖို့ ကြံ့ကြံ့ခံ ရပ်တည်နိုင်ရေးနည်းပေါင်းစုံနဲ့ ကြိုးပမ်းနေရ ပါတယ်။


အခုဆိုရင် ဘရာဇီးနိုင်ငံရဲ့ သေဆုံးမှုနှုန်းနဲ့ ကူးစက်မှုနှုန်းဟာ ကြောက်ခမန်းလိလိ မြင့် တက်နေပါတယ်။ ကိုဗစ် -၁၉ အတွက် အစွမ်းထက်တဲ့ ကုသဆေးနဲ့ စိတ်ချရတဲ့ ကာကွယ်ဆေးမပေါ်မီ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို ပြန်စကြမလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။

ကိုးကား - အေအက်ဖ်ပီ