ကယား မက်ခါသီးထောင်း

စံလွင် (ငါးဦးစီး)

 

မက်ခါသီးက ကယားပြည်ရဲ့ ဒေသထွက် အသီးတစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် သုံးစွဲကြတယ်။ ကယားပြည်ရဲ့ ရိုးရာအစာ ဒေသစာဆိုရင် မက်ခါသီးနဲ့ မကင်းဘူးလို့တောင် ပြောနိုင်ပါတယ်။ ကယားဝက်အူချောင်းဆိုရင် မက်ခါသီးပါမှ လုပ်လို့ရတာပါ။ မက်ခါသီးမှာက အခြား ဟင်းခတ် အသီးအရွက်တွေနဲ့ ကွဲပြားတဲ့ ကိုယ်ပိုင်အနံ့ရှိလို့ ထူးခြားတာပါ။ အရသာက လျှာပေါ်တင်ရင် ပူရှိန်းရှိန်း နဲ့ ရှတတလေးနေပါတယ်။ ။

 

မက်ခါသီးရဲ့ ဂုဏ်က အညှီနံ့ကို ထိန်းပေးနိုင်တဲ့အတွက် အသားဟင်းလျာတွေ ချက်ပြုတ်ရာမှာ မက်ခါမှုန့်ကို မဖြစ်မနေ ထည့်သွင်းချက်ပြုတ်ကြတာ ဖြစ်ပါတယ်။ မက်ခါသီးက မိုးရာသီမှာ အသီးစသီးပြီး အောက်တိုဘာလမှာ မှည့်ပါတယ်။ အသီးလေးတွေက ငရုတ်ကောင်း စေ့နဲ့တူလို့ အချို့က ကယားငရုတ်ကောင်းလို့ ခေါ်ကြပါတယ်။ မက်ခါသီးအရောင်က အစိမ်းရောင်ရှိပြီး မှည့်တဲ့ အခါအမှာတော့ အနီရောင်ပြောင်းသွားပါတယ်။

 

ကယားဈေးနေ့တွေမှာ မက်ခါသီးကို နို့ဆီဘူးနဲ့ ချိန်ရောင်းကြတာ တွေ့နိုင်ပြီး တစ်ဘူးကို ကျပ် ၃၀၀၀ ကနေ ကျပ် ၅၀၀၀ အထိ ရောင်းဈေးရှိပါတယ်။ မက်ခါသီးကို သုံးစွဲရာမှာ အသီးစမှည့်ရင်ခူးပြီးနေလှမ်းကာ ပြာတီး သန့်စင်ပြီး မက်ခါသီးအမှုန့် လုပ်ကြပါတယ်။ တချို့က အနံ့မွှေးအောင် ပြန်လှော်ကြပါတယ်။ အဲဒါကို ပဒေါင် ငရုတ်သီး၊ ဆား၊ ဖရုံစေ့လှော်တို့နဲ့ထောင်းပြီး မက်ခါသီးထောင်း အဖြစ်သုံးပါတယ်။ တချို့ကတော့ ဖရုံစေ့မထည့်ဘဲ မက်ခါသီးနဲ့ ဆား၊ ငရုတ်တို့ကိုပဲ ထည့်ထောင်းပါတယ်။ မက်ခါသီးထောင်းအမှုန့်ကို အသားကင်တွေ အသားဟင်းတွေစားတဲ့အခါ ဖြူးစား၊ တို့စားကြသလို ကယားဝက်အူချောင်းနဲ့လည်း တွဲဖက်စားသုံးကြတာ တွေ့ရပါတယ်။

 

မက်ခါသီးကို အစိမ်းထောင်း ထောင်းမယ်ဆိုရင်တော့ အသီးအစိမ်းကို မီးလေးသင်းပြီး ထောင်းတာ ရှိသလို အချို့က အစိမ်းအတိုင်းလည်း ထောင်းကြပါတယ်။ မက်ခါသီးအစိမ်းထောင်းမှာ ပါဝင်တဲ့အမယ်တွေက ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင့်၊ ဆားနဲ့ ပုစွန်ခြောက်တို့ ဖြစ်ပါတယ်။ တချို့တလေကတော့ မျှင်ငါးပိကင်လေး ပါထည့်ပြီး ထောင်းကြပါသေးတယ်။ မက်ခါသီးစိမ်းထောင်းရဲ့ အရသာကမွှေးပျံ့ပြီး ပူရှိန်းတဲ့ အစပ်အရသာရှိလို့ ထမင်းဝိုင်းမှာ တွဲဖက်စားတဲ့အခါ နှုတ်အလွန်မြန်ပါတယ်။

 

မက်ခါပင်က ကယားပြည်နယ်ထဲမှာ သဘာဝအလျောက်ပေါက်တဲ့ အပင် ဖြစ်ပါတယ်။ ယခုအခါမှာတော့ မက်ခါပင်ကို စမ်းသပ်စိုက်ပျိုးနေကြပြီး မက်ခါသီးကို ဒေသထွက်ကုန်အဖြစ် စီးပွားဖြစ် ထုတ်လုပ် ရောင်းချနိုင်ဖို့ ကြိုးပမ်းနေကြောင်း ကြားသိရလို့ ကြိုဆို လိုက်ရကြောင်းပါဗျာ။ ။

 

ကြေးမုံ (တိုင်းရင်းသားရေးရာ)