ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၌ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ရန်ပုံငွေထောက်ပံ့ပေးအပ်  

နေပြည်တော် ၂၂ စက်တင်ဘာ

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီမောဆိုမြို့နယ်၊ ပူဖားကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို  စက်တင်ဘာ ၂၀ ရက်က ဒီမောဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူး ဦးယဉ်ထွန်း၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်၊ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးယဉ်ထွန်းက ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒီမောဆိုမြို့နယ်ဦးစီးမှူး ဦးစိုးပိုင်က စီမံကိန်းရန်ပုံငွေကျပ် ၂၆၃ ဒသမ ၄ သိန်းကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဥက္ကဋ္ဌက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အလားတူ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ် ဒေါတဟေးကျေးရွာ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာအတွက် ရန်ပုံငွေကျပ် ၂၆၃ ဒသမ ၄ သိန်းကို လွိုင်ကော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန့်ဇင်ကျော်က ကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။

 

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းသည် ကျေးရွာပေါင်း(၁၁၀)ရွာ၌ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးဖြစ်သော်လည်း ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ စုပေါင်းဆောင်ရွက်ခြင်း စသည့် ကျေးရွာသစ်စိတ်ဓါတ်များကို အခြေခံသော စိတ်ပိုင်း ရုပ်ပိုင်း ပိုမိုဖွံ့ဖြိုးသည့် ကျေးရွာများ တိုးပွားလာရေးအတွက် ကျေးရွာသစ်လှုပ်ရှားမှုစံပြ ကျေးရွာများ ထူထောင်ခြင်းလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ယခုစီမံကိန်းအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center - CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြင့် မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ညီညီသန်း (နေပြည်တော်)