လာအိုနိုင်ငံမြောက်ပိုင်းရှိ နေရာအနှံ့အပြား၌ လူထောင်ချီ ရေဘေးသင့်

ဗီယင်ကျန်း ဩဂုတ် ၁၆

 

လာအိုနိုင်ငံ မြောက်ပိုင်းဒေသများတွင် ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုဖြစ်ပွားရာ ဒေသခံထောင်နှင့်ချီ၍ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

 

ခရိုင် ၁၀ ခုထက်မနည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး ဆာရာဘိုရီ၊ ဟူပင်း၊ လွမ်ပရာဘန်နှင့် ဗီယင်ကျန်း ပြည်နယ်တို့တွင်လည်း ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အချို့နေရာများတွင် လမ်းများ ရေလျှံကာ ရေနှင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း လာအို ပြန်ကြားရေး၊ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

ဟောင်းမြစ်တွင် ရေများ လျှံတက်ကာ မြစ်ကမ်းစပ်ရှိ ကျေးရွာများနှင့် အိမ်များ တစ်စိတ် တစ်ပိုင်း နစ်မြုပ်သွားပြီးနောက် ဩဂုတ် ၁၂ ရက်တွင် ပြည်နယ် အာဏာပိုင်များက အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ သည်။ ခရိုင်ငါးခုရှိ ကျေးရွာ ၁၀ ရွာကျော်မှာ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် တပ်မတော်သား ၆၀၀ ခန့်ကို ဆင့်ခေါ်ထားကြောင်း ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ပက်သီရေး ဆွန်ဗီလေးက မီဒီယာများသို့ ပြောကြားခဲ့သည်။

 

လက်ရှိတွင် ရေဘေးသင့်ဒေသများရှိ ပြည်သူအများအပြားသည် အမိုးအကာ၊ အစားအစာ နှင့် သောက်ရေများ လိုအပ်နေကြောင်း မီဒီယာများက ထုတ်ပြန် ထားသည်။

 

ဆင်ဟွာ