Lancang-Mekong Cultural Exchange Youth Camp စီမံကိန်းအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၉ ဇန်နဝါရီ

 

Lancang-Mekong Cultural Exchange Youth Camp စီမံကိန်းအား အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ ညှိနှိုင်းအစည်းအဝေးသို့ ဦးစီးကော်မတီ နာယက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက  မဲခေါင်-လန်ချန်း ဒေသတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံစသည့် အဖွဲ့ဝင်(၆) နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အနုပညာရှင် လူငယ်များအကြား အပြန်အလှန် ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ အဆိုပါ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲသို့ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင်(၆)နိုင်ငံမှ လူငယ်အနုပညာရှင်များအား ဖိတ်ကြားဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် စီမံကိန်းမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ထောက်ပံ့ပေးသော စီမံကိန်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့”ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် အဖွဲ့ဝင်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် Lancang-Mekong Cultural Exchange Youth Camp သို့ တက်ရောက်လာကြသော ဒေသတွင်းနိုင်ငံများမှ အနုပညာရှင် လူငယ်များက စာတမ်းဖတ်ကြားရေး၊ အနုပညာပြခန်းများနှင့် လူငယ်သင်တန်းကျောင်းမှ လက်မှုပစ္စည်းများ ခင်းကျင်းပြသရေးတို့ အပါအဝင် လုံခြုံရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊  ဧည့်ခံကျွေးမွေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရေဒီယိုနှင့် ရုပ်မြင်အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။


    
(သတင်းစဉ်)