လောကအရေးသည် ကိုယ့်အရေးလည်းဖြစ်၏

၂၇ စက်တင်ဘာ

ကမ္ဘာကြီး၏ မည်သည့်နေရာ၌မဆို ပူလောင်စရာတစ်ခုခု ရှိနေပြီဆိုလျှင် မိမိနှင့်မဆိုင်ဟု သဘော ထား၍မရ။ တစ်နေရာရာတွင် လူတစ်ဦးဦး ဒုက္ခရောက်နေပြီဆိုလျှင်သူ့တစ်ယောက်တည်း၏ ဒုက္ခမဟုတ်၊ လူသား အားလုံးနှင့် သက်ဆိုင်နေသည့် ဒုက္ခ။

တိုင်းရင်းသားဒေသများ၌ စစ်ပွဲများဖြစ်နေသည်မှာ ထိုဒေသရှိ တိုင်းရင်းသားတို့၏ စစ်ဘေးဒုက္ခ သက်သက်မဟုတ်၊ အရှေ့အလယ်ပိုင်းမှာ သို့မဟုတ် တစ်နေရာရာမှာ သေနတ်သံ၊ ဗုံးသံများ ထွက်ပေါ်နေလျှင် ထိုဒေသသားတို့၏ စစ်ဘေးစစ်ဒဏ် ပြဿနာသက်သက်မဟုတ်၊ အားလုံး နှင့်ဆိုင်သည့် စစ်ဘေးစစ်ဒဏ်ဖြစ်၏။ ကမ္ဘာထောင့်တစ်နေရာတွင် တောမီးများလောင်လျှင်၊ မိုးခေါင်ရေရှားလျှင်၊ ရေကြီးရေလျှံလျှင်၊ မုန်တိုင်းများ၊ ဆူနာမီများ၊ ငလျင်တော်လည်းသံများ၊ ဆင်းရဲငတ်မွတ်သူတို့၏ မြည်ကြွေးညည်းညူသံများ စသည့်လူသားတို့ အကျပ်အတည်း ဒုက္ခ ဘေးဒဏ်များ ကြုံနေလျှင် ထိုထိုသော ပူပြင်းလောင်မြိုက်မှုတို့သည် ကမ္ဘာပေါ်မှာရှိနေသော လူသားအားလုံးနှင့် ဆက်နွှယ်နေသည်သာ။

လူ့လောကတစ်နေရာ၌ လောင်မြိုက်နေသောမီးသည် လူသား အားလုံးတစ်ဦးချင်းစီကို တစ်နည်း နည်းဖြင့် အပူလာဟပ်မည်ပဲဖြစ်၏။ စစ်ပွဲများကလွင့်စဉ်လာသော မီးတောက် မီးစများဖြစ်စေ၊ နျူကလီးယား ပေါက်ကွဲ ဗုံးဆန်များနှင့် ဓာတုအဆိပ်ငွေ့ပျံ့နှံ့မှုများ ဖြစ်စေ၊ ငတ်မွတ် နေသူတို့၏ ရုန်းထလှုပ်ရှားမှု ဂယက်များဖြစ်စေ လူတို့မသိကျိုးကျွန် ရှောင်လွှဲလို့ရမည်ဟု မထင်ပါချေ။

ယခုပင် ကြည့်ပါလော့။

ကိုဗစ်ကပ်ရောဂါ ကမ္ဘာနာအဖြစ် နိုင်ငံအသီးသီးသို့ ဝင်ရောက်လာ သည့်အခါ ကမ္ဘာ့နိုင်ငံအားလုံး ပျာယာခတ်နေကြရပြီ။ သူ့နိုင်ငံ ပိုးကူး သူများလို့၊ ကိုယ့်နိုင်ငံ ပိုးကူးသူနည်းလို့ ဟူ၍ အေးအေးနေဖို့ မဖြစ်နိုင်။ ကူးစက်ခံရသည့်လူနာတစ်ဦးမျှ မရှိသည့် နိုင်ငံရှိဦးတော့၊ စီးပွားရေး ကျပ်တည်းမှုဖြစ်စေ၊ စားရေရိက္ခာ ရှားပါးမှုဖြစ်စေ နိုင်ငံတကာ ထိခိုက်မှု ဂယက်က ရိုက်ခတ်နေမည်သာ။ နိုင်ငံချင်း ကူးလူးဆက်ဆံမှုများက အတော်ပင် ခက်ခဲနေချေပြီ။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက လူတိုင်း လူတိုင်း တွင် ရောဂါဘေး ရောဂါဒဏ်၏ ရိုက်ခတ်မှုဂယက်ကို တစ်နည်းနည်းဖြင့် ကြုံနေကြရမည်သာ။

ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရသည့်လူနာ ၃၂သန်း ၈ သိန်းကျော်။ သေဆုံးသူက တစ်သန်းနီးပါး (၉ သိန်း ၉သောင်းကျော်)။ ဒါက သည်နေ့ နောက်ဆုံးရရှိသည့် သတင်း။ နောက်နေ့တွင် မည်သို့ ဖြစ်မည်ဆိုတာကို မည်သူမျှမပြောနိုင်။ နေ့စဉ် ကူးစက်နေမှုကမရပ်သော် လည်း စီးပွားရေးလုပ်ငန်း အများအပြားက ရပ်တန့်။ အလုပ်သမား တို့အလုပ်ပြုတ်ကြ၊ အလုပ်ရှင်တို့ ဆုံးရှုံးမှုမျိုးစုံကို အလူးအလဲခံစားနေကြရ။

သို့သော်လည်း လူသားက ငုတ်တုတ်ခံတတ်သည့် အမျိုးမဟုတ်တော့ သည်လိုအရေးနှင့် ကြုံရသည့်အခါ ပိုးကူးစက်ပြန့်ပွားမှု လုံးဝ ရပ်တန့်သွား နိုင်မည့် နည်းလမ်းရှာကြ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဘယ်လို အမြန်ဆုံးထုတ်လုပ်နိုင်မလဲ ကြံဆကြ၊ ရှာဖွေကြ၊ စမ်းသပ်ကြ။

နိုင်ငံအသီးသီးက ကိုယ့်ဘာသာ ကြိုးစားသူက ကြိုးစား၊ နိုင်ငံချင်း ပူးပေါင်းအားထုတ်သူက အားထုတ်။ ရှိသမျှ ဓနအင်အားကို ရင်းနှီး မြှုပ်နှံကာ၊ ပုံအောအသုံးချကာ ကာကွယ်ဆေးကို ရှာဖွေ နေကြခြင်းဖြစ်၏။ သုတေသန ဗဟိုဌာနကြီးများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများတွင် ပညာရှင်များ ပျားပန်းခပ် လှုပ်ရှားနေကြ၏။

အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ တရုတ်၊ ဆွီဒင် အစရှိသည့် နိုင်ငံတို့က ကာကွယ်ဆေး တွေ့ရှိနေပြီဟု ပြောဆိုနေကြသည်။ တွေ့ပြီဆိုလျှင်ပင် မည်သည့်ဘေးထွက်ဆိုးကျိုးများရှိမလဲ၊ ဘယ်လောက် စိတ်ချရမလဲ ဆိုသည်တို့ကို စမ်းသပ်ကြရဦးမည်။ သည်လိုထဲတွင် ကာကွယ်ဆေး လိုနေသူများက ကမ္ဘာနှင့်အဝန်း ဖြစ်နေလေရာ ကာကွယ်ဆေးသည် စီးပွားရေးဈေးကွက်ကြီးကဲ့သို့ ဖြစ်နေလေရာ ချမ်းသာသည်ထက် ချမ်းသာ ရေးအတွက် ဟန်ပြင်နေသူများကလည်း ရှိနေ၏။ ဆေးနည်း ဖော်မြူ လာကို လျှို့ဝှက်ထားနိုင်ရေး၊ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်ရေး စသည်ဖြင့် အချို့သော အစိုးရများကရော အချို့သော ဆေးထုတ်လုပ်ရေး လုပ်ငန်းရှင်ကြီးများကရော ယောက်ယက်ခတ် နေကြသည်ဟု အချို့ ပညာရှင်တို့က စွပ်စွဲပြောဆိုနေ၏။

ကမ္ဘာကြီးတစ်ခုလုံး ဆိတ်သုဉ်းသွားပြီး မိမိတစ်ဦးတည်းကျန်ရစ်ကာ ဆက်လက်ရှင်သန်ရပ်တည်ဖို့ ဆိုသည်က ဖြစ်နိုင်သည် မဟုတ်ပါချေ။ ပညာရှင်တို့ကြား၊ ရေရှည်မြော်မြင်သူတို့ကြားတွင် နိုင်ငံ ပေါင်းစုံက ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းရင်ဆိုင်ကြရေးသည်သာ ကပ်ရောဂါဘေးက အမှန် တကယ် လွတ်မြောက်မည်ဖြစ်သည်ဟု ကြွေးကြော်လာကြသည်။ ချမ်းသာသည့်နိုင်ငံများသာ သို့မဟုတ် နည်းပညာထွန်းကား တိုးတက်သည့် နိုင်ငံများသာ ကာကွယ်ဆေးကို အသုံးပြုခွင့်ရ အသက်ရှင်သန်ခွင့်ရရမည် မဟုတ်။ ကမ္ဘာ့လူသားအားလုံးအရေးအဖြစ်သုံးသပ်ကာ ပြင်ဆင် ကြရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများစွာစုပေါင်းအဖြေရှာကြရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်ရန် တာစူနေကြပေသည်။ လူ့လောကအရေးသည် လူတစ်ဦးချင်း ၏အရေး လည်းဖြစ်သည်။ လူသား အားလုံးအတူတကွ ရှင်သန်ရေးက ပဓာနကျသည် ဟူသည့် အယူအဆ။

ဤအယူအဆက နိုင်ငံတကာတွင်သာမဟုတ် ပြည်တွင်း၌လည်း သည်သို့သာ ဖြစ်ပေမည်။ နိုင်ငံသားအားလုံး အတူတကွ ရှင်သန်ရေးအတွက် အတူတကွ ရုန်းကန်ကြရမည့် အကျပ်အတည်း ဟု သေသေ ချာချာ နားလည်ကြရန် လိုပါမည်။

ဤသို့ လူ့ဘောင်လောကကို ရှုမြင်ကာကွယ်နိုင်ခြင်းကသာ လူ့ကျင့်ဝတ်နှင့် ညီမည်။ ကျယ်ပြန့်သော အမြင်ဖြစ်မည်။ သို့မှသာ မိမိ ကိုယ်တိုင်အပါအဝင်လောကကိုရှင်သန်ငြိမ်းချမ်းစေမည် မဟုတ်ပါလော။

ညီညွတ်ခြင်းသည် အင်အားဆိုသည်မှာ ဆိုရိုးစကားသက်သက် မဟုတ်။ လက်တွေ့ကျင့်ကြံရေး လမ်းညွှန်ဖြစ်ပါကြောင်း။

မြန်မာ့အလင်း