လောင်းလုံးမြို့နယ်တွင် မိုးသက်လေပြင်းကျ၍ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကျေးရွာအချို့တွင်နေအိမ်များပြိုကျပျက်စီး

လောင်းလုံး ၂၀ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနှင့် ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းကျေးရွာအချို့တွင် နေအိမ်များပြိုကျခြင်း၊ ပျက်စီးခြင်းနှင့် လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

သဘာဝဘေးအန္တရာယ်ကြောင့် ပင်လယ်ကမ်းကျေးရွာများဖြစ်ကြသည့် စမ်းလှမ်းကျေးရွာတွင် လူနေအိမ်(၁၉)လုံး ပြိုကျပျက်စီးခြင်း၊ ကျောက်နီမော်ကျေးရွာတွင် နေအိမ်(၂)လုံးပြိုကျပျက်စီးခြင်း၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် လူနေအိမ်(၆၀)ခန့်ရေဝင်ခြင်း၊ ကျောက်ဝပ်ပြင်ကျေးရွာတွင် ရေထိန်းနံရံ (အလျား ၈၀၀xအနံ၄ xအမြင့်၆)ပေခန့်ပြိုကျပျက်စီးခြင်း၊ စမ်းလှမ်းကျေးရွာ(အလျား ပေ ၅၀ xအနံ၉)ခန့်ရှိ ကွန်ကရစ်လမ်း ပြိုကျပျက်စီးခြင်းနှင့် ကျောက်ဆင်ကျေးရွာ အုပ်စု၊ ကမ်းပနီကျေးရွာရှိမျှော်ရစ်ဘုရားသို့သွားရာတံတား (အရှည် ၆၆၀ပေxအနံပေxအမြင့်၇ပေ)ရှိရာမှ တံတား(အရှည် ပေ  ၄၀)ခန့်ပြိုကျပျက်စီးသွားခဲ့သည်။

 

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးခြင်းမရှိပါကြောင်းနှင့် ပြိုကျပျက်စီးသည့် နေအိမ်များရှိမိ သားစုဝင်များအား သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့်တာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးအိမ်တွင် လည်းကောင်း၊ စာသင်ကျောင်းတွေလည်းကောင်း ယာယီပြောင်းရွှေ့ပေးခဲ့ပြီး ပျက်စီးခဲ့သည့် နေအိမ်များအား တာဝန်ရှိသူများကဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

သိန်းသိန်း(ပြန်/ဆက်)