လောင်းလုံးမြို့နယ်တွင် ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီ မင်္ဂလာနှင့်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ထားဝယ် ၂၉ နိုဝင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ကျေးရွာ၊ မြသပိတ်ကျောင်းဝင်း အတွင်းရှိ ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အလှူရှင်များနှင့် တက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ပဉ္စသီမော်ကျောင်း၊ ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော် နာယူကြသည်။

ထိုနောက် တိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် အလှူရှင်များက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးပဉ္စသီမော်ကျောင်း၊ ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ဆက်လက်၍ ရတနာအုတ်မြစ်တော်များကို တာဝန်ရှိသူများနှင့် အလှူရှင်များက သတ်မှတ်နေရာ အသီးသီးတွင် အုတ်မြစ်စီခဲ့သည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက ဇယန္တော အစရှိသော ဂါထာတော်များဖြင့်ပူဇော်ကာ အမွှေးနံ့သာရေများ ပတ်ဖြန်းခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ကျေးရွာ၊ မြသပိတ်ကျောင်းဝင်း အတွင်း တည်ထားကိုးကွယ်သော ရှေးဟောင်းမြသပိတ်စေတီတော်သည် ယိုယွင်းနေသဖြင့်  မြသပိတ်စေတီတော် မူလစေတီတော်ကို ဦးတည်ချက်ထားပြီး ဉာဏ်တော်အမြင့် (၇၂) ပေဖြင့် အများပြည်သူများ ဖူးမြော်ကိုးကွယ်နိုင်ရန်အတွက် ပြန်လည်ပြုပြင်မွမ်းမံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)