လျှော်ဖြူစေးကို တရုတ်၊ အိန္ဒိယနှင့် ထိုင်ဝမ်ကုန်သည်များကပါ အမြင့်ဆုံးဈေးပေး၍ ဝယ်ယူနေ

mdn

မန္တလေး၂၈ ဧပြီ

 

လျှော်ဖြူစေးကို တရုတ်နှင့် အိန္ဒိယနိုင်ငံများသာမက ထိုင်ဝမ်နိုင်ငံမှ ကုန်သည်များကပါ အမြင့်ဆုံးဈေးပေး၍ ဝယ်ယူနေကြောင်း မန္တလေးတိုင်း ဒေသကြီးရှိ လျှော်ဖြူကုန်သည်များထံက သိရသည်။

 

လက်ရှိ လျှော်ဖြူ အစေးထိပ်စ တစ်ပိသာလျှင် ကျပ် ၇၀,ဝ၀ဝ မှ ကျပ် ၉၀,ဝ၀ဝ အထိ ဈေးနှုန်း ရရှိနေပြီး အစေး လတ်စ တစ်ပိသာလျှင် ကျပ် ၆၀,ဝ၀ဝ ဝန်းကျင်၊ အစေးအောက်စ(အရည်အသွေးနိမ့်) တစ်ပိသာလျှင် ကျပ် ၂၀,ဝ၀ဝ ကျော်မှစ၍ ဈေးနှုန်း ရရှိနေကြောင်း သိရသည်။

 

“ မကွေးကုန်စည်ဒိုင် ပြပွဲမှာတုန်းက ထိုင်ဝမ်ဘက်က ကုန်သည်တွေက  အစေးထိပ်စ တစ်ပိဿာကို ကျပ် သုံး သိန်းကျော်အထိ ပေးဝယ်တာ ရှိခဲ့တယ်။ ကုန်သည်တွေကိုယ်တိုင် ပြည်တွင်းက ခြံတွေမှာ ကွင်းဆင်းလေ့လာ တာတွေရှိတယ်။ အချို့အစေး အရောင်းအဝယ်တွေကို လျှော်ဖြူစေး မဟုတ်တာတွေ မရောနှောဖို့ လိုပါတယ် ” ဟု မန္တလေးတိုင်းဒေသကြီးမှ လျှော်ဖြူကုန်သည် ဦးမြဟန်က ပြောသည်။

 

လက်ရှိ လျှော်ဖြူဈေးကွက်မှာ အလားအလာကောင်းသော ကုန်စည်အမယ်အဖြစ် ရပ်တည်နေပြီး သက်ဆိုင်ရာ ဌာနများမှလည်း ပံ့ပိုးကူညီပေးရန် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

 

“ ၂၀၁၃ ခုနှစ် လောက်ကတည်းက တစ်နိုင်ငံလုံးမှာ စိုက်ဧကဧက နှစ်သောင်းကျော် ရှိတယ်။ အခု နှစ်သောင်းခွဲ ကျော်အထိ ရှိလာတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဈေးမကောင်းခဲ့လို့ စိုက်ထားတဲ့အပင်တွေ ဒီတိုင်း ထားခဲ့တာ အခု ဈေးပြန်လိုက်လာတော့ ခြံဝန်းနဲ့ တိုးချဲ့စိုက်ဖို့အထိ လုပ်နေကြတယ်” ဟု မကွေးတိုင်းဒေသကြီးရှိ လျှော်ဖြူ တင်ပို့ရေး ကုန်သည် ဦးမြတ်အောင်က ပြောသည်။

 

မြန်မာနိုင်ငံတွင် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုက်များပြီး စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ၊ စက်မှုကုန်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းတို့တွင် ထည့်သွင်း သုံးစွဲကြောင်း သိရသည်။

 

လျှော်ဖြူစိုက်တောင်သူများ အနေဖြင့် မန္တလေးမြို့၊ မိတ္ထီလာမြို့၊ သာစည်မြို့၊ ရန်ကုန်မြို့ စသည့်ပွဲရုံ ကုန်သည်များထံ သွားရောက်ရောင်းချကာ ကုန်သည်များမှ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယ စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

 

ဇာလင်းသူ(AMIA)