လီအန်ဒရိုကို အနိုင်ရပြီးနောက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို အောင်လအန်ဆန် စိန်ခေါ်ခွင့်ရရန် နီးစပ်လာ

ရန်ကုန် ဩဂုတ် ၁

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ဇူလိုင် ၃၀ ရက်က ထိုးသတ်သည့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အနိုင်ရပြီးနောက် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရရန် နီးစပ်လာသည်။ ONE Championship ကလည်း အောင်လအန်ဆန်နှင့် လီအန်ဒရိုပွဲမှ အနိုင်ရသူကို မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲထိုးသတ်ခွင့် ပေးမည်ဖြစ်ကြောင်း ပွဲမတိုင်မီက ထုတ်ပြန်ထားပြီး ပြန်လည်အတည်ပြုရန်သာ ကျန်ရှိတော့သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရယူနိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံအဖြစ် သုံးနှစ်ကျော်ကြာ ရပ်တည်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက ထိုးသတ်သည့် စတုတ္ထမြောက် ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူ ဒီရစ်ဒါကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ် လွှဲပြောင်းပေးအပ်ခဲ့ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုစလုံး လက်လွှတ်ခဲ့ရပြီးနောက် အသက်အရွယ်အရ မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထိုးသတ်ရန် ဆုံးဖြတ်ထားသူဖြစ်သည်။ အောင်လအန်ဆန်သည် ၎င်းလက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန် ရည်မှန်းနေသူဖြစ်ပြီး လက်ရှိချန်ပီယံဖြစ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို စိန်မခေါ်မီ လီအန်ဒရိုနှင့် ထိုးသတ်ရ ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ပြန်လည်ရပ်တည်နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းလျက်ရှိပြီး ဇူလိုင် ၃၀ ရက်က ထိုးသတ်သည့် လီအန်ဒရိုနှင့်ပွဲတွင်လည်း အကောင်းဆုံးထိုးသတ်ကာ ပထမအချီမှာပင် အလဲထိုးအနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ယင်းပွဲအပြီးတွင် မစ်ဒယ်ဝိတ်တန်း၌ မိမိကြောက်ရွံ့ နေသူမရှိကြောင်းနှင့် မည်သူကိုမဆို စိန်ခေါ်ထိုးသတ်နိုင်ကြောင်း၊ ONE Championship အနေဖြင့်လည်း ပွဲများ ထပ်မံစီစဉ်ပေးနိုင်ကြောင်း၊ ထိုးသတ်ရန်လည်း အဆင်သင့်ရှိကြောင်း၊ စိတ်ဝင်စားစရာ ပွဲကောင်းများ စီစဉ်ပေးစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် ကစားသမားဘဝမှ အနားမယူမီ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ရန် ပစ်မှတ်ထားပြီး လက်ရှိချန်ပီယံ ဒီရစ်ဒါကို စိန်မခေါ်မီ ပထမခြေလှမ်းဖြစ်သည့် စိန်ခေါ်ပွဲတွင် လီအန်ဒရိုကို အနိုင်ထိုးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်အနေဖြင့် ချန်ပီယံလုပွဲထိုးသတ်ခွင့်ရပါက နှစ်ကြိမ်တိုင် အရေးနိမ့်ထားသည့် ဒီရစ်ဒါနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ရန် လိုအပ်သလို ဒီရစ်ဒါ အားသာသည့် ချုပ်ကွက်မှ ရုန်းထွက်နိုင်ရန်လည်း ကြိုးပမ်းရမည်ဖြစ်သည်။

ရဲရင့်လွင်