လီဗာပူးအသင်း အဲဗာတန်ကို ဂိုးပြတ်အနိုင်ရရှိ

ပရီမီယာလိဂ်ပွဲစဉ် (၁၄) အဖြစ် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ဘင်နီတက်ဇ်၏ အဲဗာတန်အသင်းနှင့် ကလော့ပ်၏ လီဗာပူးအသင်းတို့ပွဲစဉ်ကို အဲဗာတန် အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ်၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဘင်နီတက်ဇ်၏ အဲဗာတန်အသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ ကစားသမား စာရင်းကို နှစ်ဦး အပြောင်းအလဲ ပြုလုပ်ပြီး ရစ်ချတ်လီဆန်၊ ရွန်ဒွန်တို့ ဦးဆောင်ကာ ပွဲထွက်လာခဲ့သည်။

ကလော့ပ်၏ လီဗာပူးအသင်းက ပြီးခဲ့သည့်ပွဲစဉ် မှ ကစားသမားစာရင်းကို တစ်ဦးသာ အပြောင်း အလဲပြုလုပ်ပြီး မာနေး၊ ဂျိုတာ၊ ဆာလာတို့ ဦးဆောင်ကာ အိမ်ရှင်အဲဗာတန်အသင်းကို ရင်ဆိုင် လာခဲ့သည်။

လီဗာပူးအသင်းသည် အမှတ်ပေးဇယား ဦးဆောင်သူ ချယ်ဆီးအသင်းကို ဖိအားပေးနိုင်ရန်အတွက် ယခုပွဲစဉ်တွင် နိုင်ပွဲရရှိရေးကို ဦးတည်လာခဲ့ပြီး ပွဲစသည်နှင့်တစ်ပြိုင်နက် အဲဗာတန်အသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန် ကိုးမိနစ်တွင် လီဗာပူးအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆင်က သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ဆာလာက သွင်းယူပေးခဲ့သည်။ အဲဗာတန်အသင်းကလည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၃၈ မိနစ်တွင် ဂရေးက သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းကို လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း လီဗာပူးအသင်းကသာ ကစားကွက်အသာ၊ ခြေအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ ဖြင့် အဲဗာတန်အသင်းကို ထိန်းချုပ်ကစား နိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် ဆာလာကပင် သွင်းယူပေးနိုင်ခဲ့ပြီး စတုတ္ထဂိုးကို ဂျိုတာက သွင်းယူ ပေးနိုင်ခဲ့သည်။ လီဗာပူး တိုက်စစ်ကစားသမားဆာလာသည် ယခုပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုးရရှိခဲ့သော ကြောင့် ပရီမီယာလိဂ်တွင် သွင်းဂိုး ၁၃ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

အဲဗာတန်အသင်းသည် ယခုပွဲစဉ်တွင် လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံးရှစ်ပွဲတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ သရေနှစ်ပွဲနှင့် ရှုံးပွဲ ခြောက်ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ လီဗာပူးအသင်းသည် ယခုအနိုင်ပွဲကြောင့် ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေပြီး ဦးဆောင်သူ ချယ်ဆီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

အခြားသော ပွဲစဉ်ရလဒ်များတွင် ချယ်ဆီးအသင်းက ဝက်ဖို့ဒ်ကို နှစ်ဂိုး-တစ်ဂိုး၊ မန်စီးတီးက ဗီလာကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဝက်စ်ဟမ်းနှင့် ဘရိုက်တန်ပွဲတွင် တစ်ဖက် တစ်ဂိုးစီသရေ၊ ဝုဖ်နှင့် ဘန်လေ အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သလို ဆောက်သမ်တန်နှင့် လက်စတာအသင်းတို့ ပွဲစဉ် တွင်လည်း တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့သည်။

အောင်ဇော်