လှိုက်လှဲစွာကြိုဆိုရမည့် မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း

၂၇ မေ

 

နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လူဦးရေမှတ်ပုံတင်စနစ်

 

ယနေ့ မျက်မှောက်ကာလတွင် မှန်ကန်သည့် အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိရေးသည် ဌာနတိုင်း၊ နိုင်ငံတိုင်းအတွက် တစ်နေ့တခြား အရေးပါလျက်ရှိသည်။ အချက်အလက်များများ ပိုင်ဆိုင်သည့် နိုင်ငံသည် အင်အားရှိသည့်နိုင်ငံဟူ၍ပင် ဆိုစမှတ်ပြုလာကြသည်။ ထို့အတူ ကမ္ဘာ့နိုင်ငံ အသီးသီး၌ မှီတင်းနေထိုင်ကြသူများအတွက် မှတ်ပုံတင်စာရင်း ထားရှိခြင်းကို ကွန်ပျူတာအချက်အလက်၊ နည်းပညာတိုးတက်ဖြစ်ပေါ်မှုနှင့်အတူ အီလက်ထရွန်နစ်ကတ်ပြားများကို အသုံးပြုလာခဲ့ကြပါသည်။ ယခင်က မိမိတို့ သက်ဆိုင်ရာဌာနအလိုက် Database အချက်အလက်များတည်ဆောက် ၍ ဗီဇာစနစ်၊ အမျိုးသားမှတ်ပုံတင်စနှစ်၊ မွေးစာရင်းမှတ်ပုံတင်စနစ် စသည်ဖြင့် သီးခြားလုပ်ဆောင်ခဲ့ကြပါသည်။ ၎င်းစနစ် အမျိုးမျိုးချိတ်ဆက်ရန် လိုအပ်လာသောအခါ ကြားခံစနစ်များဖြင့် တူညီသော မှတ်ပုံတင်အမျိုးမျိုးကို ချိတ်ဆက်ရန် ကြိုးစားလာခဲ့ကြသည်။

 

ယနေ့အခြေအနေတွင် နည်းပညာတိုးတက်မှုနှင့် ယခင်အတွေ့အကြုံများကို အခြေခံ၍ Digital Unique ID number သို့မဟုတ် လူတစ်ဦး တစ်ယောက်အတွက် သီးခြားသတ်မှတ်ပေးသော မှတ်ပုံတင်အမှတ်ကို ဗဟို ပြု၍ အခြားသော မှတ်ပုံတင်အချက်အလက် မှတ်တမ်းများနှင့် ချိတ်ဆက်နိုင်သည့် (Digital) နည်းပညာသုံး ID မှတ်ပုံတင်ကို အသုံးပြုလာကြပါသည်။ Digital Unique ID ၏ အဓိက အားသာမှုမှာ ဌာနတစ်ခု အသုံးချရန်အတွက် သာ သီးသန့်ပြုလုပ်သော ID တစ်ခုမဟုတ်ဘဲ လက်ရှိသို့မဟုတ် နောက်နောင် အသုံးပြုမည့် Use Cases နှင့် Application ခေါ် အသုံးချဝန်ဆောင်မှုအားလုံး အကျုံးဝင် အသုံးပြုနိုင်ခြင်းဖြစ်သည်။ လူတစ်ဦးချင်းအား Unique ID တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဌာနအသီးသီးတွင်ရှိသော စနစ်များနှင့်ချိတ်ဆက်မှုများ မြန်ဆန်လွယ်ကူစေပြီး အားလုံးခြုံငုံ၍ ရွေးချယ်စိစစ်နိုင်သော မှတ်ပုံတင်စနစ် တစ်ခု တည်ဆောက်နိုင်ပါသည်။

 

မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို အထောက်အကူပြုရန်အတွက် တိကျမှန်ကန်သော လူဦးရေနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များသည် မရှိမဖြစ် လိုအပ်လာပါသည်။ နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒ (၁၂)ရပ်တွင် Data ID Card System, Digital Government Strategy e-Government System of some အထည်ဖော်ဆောင်ရွက်သွားရန်ဆိုသည့် အချက်တစ်ချက်ကို မူဝါဒတစ်ရပ်အဖြစ် သော်မှတ်ထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင် ကြသူများအားလုံးကို Unique ID တစ်ခုစီသတ်မှတ်ပေးရန် လက်ရှိအသုံးပြု နေသော စက္ကူသုံး မှတ်ပုံတင်စနစ်အa Digital အဖြစ်ပြောင်းလဲရန်နှင့် e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းများမှာ တိုင်းပြည်၏ ဦးစားပေးလုပ်ငန်းများ ဖြစ်ပါသည်။ ၎င်းဦးစားပေးအချက်များမှာ UN မှထုတ်ပြန်ထားသော Sustainable Development Goal များထဲမှ တစ်ခုဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်း မွေးစာရင်းအပါအဝင် တရားဝင်အထောက်အထား လက်မှတ်ပံ့ပိုးပေးရန် (provide legal identity for all by 2030) ရည်မှန်းချက်နှင့်လည်း ကိုက်ညီနေပါသည်။ တရားဝင် မှတ်ပုံတင်စနစ်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။

 

Digital ID ဆိုင်ရာ အခြေခံသဘောတရားများ

 

Digital ID ကိုမွေးဖွားချိန်မှ သေဆုံးချိန်အထိ နိုင်ငံအတွင်းရှိ ပါဝင်သင့် သူများအားလုံးကို ခွဲခြားဆက်ခံမှုကင်းစွာဖြင့် စာရင်းသွင်းနိုင်ရမည် ဖြစ်ပါသည်။ သတင်းအချက်အလက်များနှင့် နည်းပညာများရယူခြင်း၊ သုံးစွဲခြင်းနှင့် ကွဲလွဲမှုများတွင် တွေ့ရှိနိုင်သည့် အခက်အခဲများအား ဖယ်ရှားနိုင်ပြီး အတုအပ ကင်းသော၊ လုံခြုံမှုရှိသော တိကျခိုင်မာသည့် ID စနစ်တစ်ခု တည်ဆောက် နိုင်ရမည် ဖြစ်ပါသည်။ ထို့ပြင် အသုံးပြုလိုသည့် ဌာနအသီးသီးသည် လိုအပ်ချက်များကို ချက်ချင်းဆောင်ရွက်နိုင်ပြီး အခြားစနစ်များနှင့်ပါ တွဲဖက် အသုံးပြုရန် လွယ်ကူစွာချိတ်ဆက်နိုင်သည့် စနစ်တစ်ခုလည်း ဖြစ်ရပါမည်။ Open Standards များအသုံးပြုခြင်းနှင့် Vendor နှင့် နည်းပညာတစ်ခုတည်း အပေါ်တွင် မှီခိုမှု မရှိသည့် စနစ်တစ်ခုတည်ဆောက်ရန်လည်း လိုအပ်ပါသည်။ စနစ်၏ ဒီဇိုင်းဖြင့် အသုံးပြုသူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ထိန်းချုပ်နိုင်မှုအား ကာကွယ်နိုင်ရမည်ဖြစ်ပါသည်။ အလားတူ ဒေတာလျှို့ဝှက်မှု၊ လုံခြုံမှုနှင့် အသုံးပြုသူ၏ အခွင့်အရေးများကို ပြည့်စုံသော ဥပဒေမူဘောင်များ ပြဋ္ဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်း မူများနှင့် တာဝန်ယူမှုများအား ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းသတ်မှတ် ပေးရန်လည်း လိုအပ်ပါသည်။

 

ဝန်ကြီးဌာန၏ လူဦးရေမှတ်ပုံတင်စနစ်တည်ဆောက်ရန် ဆောင်ရွက်မှု

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ လူဦးရေမှတ်ပုံတင်ရေး လုပ်ငန်းအား e-ID စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် လေ့လာဆန်းစစ်မှုများကို ပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ လာရောက် ဆွေးနွေးရှင်းလင်းတင်ပြခဲ့သည့် ကမ္ဘာ့ဘဏ်အပါအဝင် ကုမ္ပဏီအဖွဲ့အစည်းပေါင်း (၅၈)ခုရှိပြီး ရှင်းလင်းဆွေးနွေးခဲ့သည့် အကြိမ်အရေအတွက် (၈၁)ကြိမ် ရှိခဲ့ပါသည်။ ထို့အပြင် Digital စနစ်ကူးပြောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်သိရှိရန်အတွက် HD Center၊ ကမ္ဘာ့ဘဏ်နှင့် Omidyar Network I NEC Corporationi Thales ကုပ္မဏီ အိန္ဒိယသံရုံးတို့၏ အကူအညီဖြင့် အလုပ်ရုံဆွေးနွေးပွဲ ခုနစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် Digital စနစ်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အကြံပြုစာတမ်းတစ်ခုကိုလည်း ပြုစုပေးခဲ့ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ့နိုင်ငံများတွင် အဓိကအားဖြင့် ကျင့်သုံးနေသည့် စနစ်နှစ်မျိုးရှိပြီး လူဦးရေ မှတ်ပုံတင်ခြင်း(Population Registration) နှင့် နိုင်ငံသားမှတ်ပုံတင်ခြင်း (Citizen Registration) တို့ဖြစ်ပါသည်။ အချို့သောနိုင်ငံများမှာ နိုင်ငံသားများ ကိုသာ မှတ်ပုံတင်ကတ်ထုတ်ပေးသော်လည်း အများစုသည် ပြည်တွင်း နေထိုင်သူအားလုံးကို အသိအမှတ်ပြု မှတ်ပုံတင်ကတ်တစ်မျိုးမျိုး ထုတ်ပေးလျက် ရှိသည်ကို တွေ့ရပါသည်။ နိုင်ငံသားဖြစ်မှုသည် အချို့သောနိုင်ငံများတွင် ရှုပ်ထွေးအငြင်းပွားဖွယ်ဖြစ်သည့်အတွက် နိုင်ငံသားမှတ်ပုံတင်များကို အလွယ်တကူ ထုတ်ပေးနိုင်ခြင်းမရှိသည်ကို တွေ့ရပါသည်။

 

လူဦးရေမှတ်ပုံတင်ခြင်း (Population Registration)

 

လူဦးရေမှတ်ပုံတင်ခြင်းဆိုသည်မှာ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို မှတ်တမ်းတင်စာရင်း ပြုစုခြင်းဖြစ်ပါသည်။ အိမ်ထောင်စုလူဦးရေစာရင်းဖြင့် နေထိုင်သူ (နိုင်ငံသား/ပြည်တွင်းနေနိုင်ငံခြား သား/ အမြဲတမ်းနေထိုင်ခွင့်ရရှိသူ)၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူဟူ၍ နှစ်မျိုးနှစ်စား ပါဝင်နိုင်ပါသည်။ လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အိမ်ထောင်စုစာရင်းကို အခြေခံစရာမလိုဘဲ မွေးစာရင်း (သို့မဟုတ်) မြန်မာနိုင်ငံအတွင်း နေထိုင်ကြောင်း ခိုင်မာသောအထောက်အထားကိုသာ အခြေခံ၍ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူ၍ တစ်ဦးချင်းစီကို Unique Identity (UID) Number တစ်ခုစီပေးပြီး အီလက်ထရွန်နစ်စနစ်ဖြင့် Main Database တွင် မှတ်တမ်းတင် သိမ်းဆည်းထားခြင်း ဖြစ်ပါသည်။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ နိုင်ငံအတွင်းနေထိုင်သူအားလုံးကို မှတ်တမ်းတင်စာရင်း ပြုစုခြင်းဖြစ်ပါသည်။

 

ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးနေသည့် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ်

 

အိန္ဒိယနိုင်ငံ - A adhaar ဟုအမည်ဖြင့် နိုင်ငံသားများအပါအဝင် ပြည်တွင်းနေထိုင်သူ အားလုံးကို Biometric အချက်အလက်နှင့်ဂဏန်း ၁၂ လုံးကို ကျပန်းစနစ်ဖြင့် သတ်မှတ်ထားသည့် မှတ်ပုံတင်ကတ်ထုတ်ပေးပါသည်။ ယင်းကတ်သည် နိုင်ငံသားဖြစ်မှုနှင့် မသက်ဆိုင်သည်ကို တွေ့ရှိရပါသည်။ အမေရိကန် - ပြည်တွင်းနေထိုင်သူအားလုံးကို Social Security နံပါတ် တစ်ခုစီ ထုတ်ပေးထားပါသည်။ လူတစ်ဦးစီ၏ ဆက်သွယ်ဆောင်ရွက်မှုအားလုံး၊ အလုပ်အကိုင်အခွင့်အလမ်း၊ အခွန်ပေးဆောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ စသည့် ကိစ္စရပ်အားလုံးကို အဆိုပါနံပါတ်ဖြင့် ဆောင်ရွက်ရပါသည်။

 

ဂျပန်နိုင်ငံ - နိုင်ငံခြားသားမဟုတ်သူများကို My Number ဟုခေါ်သည့် UniqueID တစ်ခု ထုတ်ပေးပါသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသား နှစ်မျိုးသာ ရှိပါသည်။

 

ထိုင်းနိုင်ငံ - မှတ်ပုံတင်ကတ်ပြား (ID) များကို ပိုမိုလုံခြုံမှုရှိသည့် Smart Card ဒစ်ဂျစ်တယ်လက်ဗွေစနစ်ဖြင့် ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ထိုင်း IDကတ်၏အားသာချက်မှာ လက်ဗွေစိစစ်ရာတွင် လက်ဗွေဖတ်ကိရိယာအတွင်း၌ Data ပြောင်းလဲထည့်သွင် းစိစစ်ခြင်းမျိုးမဟုတ်ဘဲ ကတ်အတွင်း၌ စိစစ်နိုင်ခြင်း ဖြစ်သည်။ Precise Match-on Card နည်းပညာအသုံးပြုထားသည်။ ဤနည်းဖြင့် လက်ဗွေစိစစ်မှု အချက်အလက် ပြောင်းလဲခြင်းမပြုလုပ်နိုင်တော့ပေ။ ၂၀၀၅ ခုနှစ်မှ စတင်ခဲ့သော Biometric သုံး Smart ID သည် ကတ် ၁၀ သန်းကျော် ထုတ်ပေးပြီးဖြစ်ပြီး ထိုင်းနိုင်ငံသား ၆၄ သန်းကို ထုတ်ပေး သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း ရေရှည်နေထိုင်သူ နိုင်ငံခြားသားများ အတွက် ပန်းရောင် ID ကတ်ကို သတ်မှတ်ထားရှိသည်။ မလေးရှား - နိုင်ငံတွင် My Kad အမည်ဖြင့် National ID ကတ်ကို အစိုးရဆိုင်ရာသာမက ပုဂ္ဂလိကဆိုင်ရာလုပ်ငန်းသုံး Application များပါ ပူးပေါင်းအသုံးပြုနိုင်သည့် Smart Card ကို အသုံးပြုသည်။ ၁၂ နှစ်အထက် နိုင်ငံသားအားလုံး ID ကတ်ကိုင်ဆောင်ရပြီး ယခင်က National ID ကတ် အပြင် ယာဉ်မောင်းလိုင်စင်ကတ်၊ အစိုးရခံစားခွင့်ကတ် စသည်ဖြင့် ကတ် အမျိုးမျိုးသယ်ဆောင်နေခဲ့ရသည်ကို My Kad က တစ်ခုတည်းဖြင့် အားလုံး ပူးပေါင်းပါဝင်သည့် ကတ်အဖြစ် ပြောင်းလဲပေးခဲ့သည်။ စင်ကာပူ - အီလက်ထရွန်နစ်စနစ် ID စနစ်များကို လူဝင်မှုကြီးကြပ်ရေး (Population Registration) အတွက်သာမကဘဲ အခြားစနစ်အမျိုးမျိုးနှင့် ချိတ်ဆက်၍ အသုံးပြုလျက်ရှိသည်။ မကြာသေးခင်က ၎င်း၏ singpass စနစ်ကို ဒစ်ဂျစ်တယ် ID စနစ်သစ်ထပ်မံအဆင့်မြှင့်ပြောင်းလဲရန် ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံသားများနှင့် အမြဲနေထိုင်ခွင့်ရရှိသူများကို မှတ်ပုံတင်ကတ် ထုတ်ပေးသည်ကို တွေ့ရှိရပါသည်။

 

ကမ္ဘောဒီယား - Khamar Identification Code (KIDC) ဟုခေါ်သည့် ဂဏန်းကိုးလုံး ကျပန်းစနစ်ဖြင့် သတ်မှတ်ထားသည့် နံပါတ်တစ်ခုကို နေထိုင်သူ အားလုံးကို ထုတ်ပေးပါသည်။ ယင်းသည် နိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ လူတစ်ဦးချင်းအတွက် သတ်မှတ်ထားသော ဂဏန်းတစ်ခု ပေးခြင်းသာ ဖြစ်ပါသည်။

 

အင်ဒိုနီးရှား - နိုင်ငံသားများကိုသာမက အမြဲနေထိုင်သူများကိုပါ မှတ်ပုံတင်ကတ် ထုတ်ပေးသည်ကို တွေ့ရှိရပါသည်။

 

e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှု

 

မြန်မာနိုင်ငံတွင် နည်းပညာအသုံးပြု၍ နိုင်ငံအတွင်းနေထိုင်ကြောင်း အသိအမှတ်ပြုကတ် ထုတ်ပေးသည့်စနစ်တွင် နိုင်ငံအတွင်းနေထိုင်သူ တစ်ဦး ချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ (Biographic Data) များကို သိမ်းဆည်း၍ လူတစ်ဦးချင်းစီအတွက် သီးခြားနံပါတ်တစ်ခု (Unique ID Number) ထုတ်ပေးပြီး Database တွင် မှတ်တမ်းတင်ထိန်းသိမ်းခြင်း လုပ်ငန်းကို ပထမ အဆင့်အနေဖြင့်ဆောင်ရွက်ပြီး မှတ်တမ်းတင်ပြီးသည့်သူများကို နိုင်ငံသား စိစစ်ပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးသည့်လုပ်ငန်းကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်သွားရန် စဉ်းစားဆောင်ရွက်သင့်ကြောင်း ဝန်ကြီးဌာနက e- Government ဗဟိုကော်မတီသို့ တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်အပေါ် ၂၇-၆-၂၀၁၈ ရက်နေ့တွင် ကျင်းပသော e-Government ဦးဆောင်ကော်မတီ၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူဦးရေနှင့်မှတ်ပုံတင်ခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှစ်ခုအနက် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားမှတ်ပုံတင်ခြင်းလုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲခြင်းအား ဒုတိယအနေဖြင့် ဆောင်ရွက်ရန်၊ e-ID အတွက် ကတ်တစ်ကတ်ထုတ်ပေးရန် ဆုံးဖြတ်လမ်းညွှန်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ID စနစ် လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီ ခြောက်ခုကိုလည်း ဖွဲ့စည်းပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ အလားတူပင် အဆိုပါလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ထိရောက် အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ် ဦးဆောင် ကြီးကြပ်မှုအဖွဲ့၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအထိ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

 

ဩစတြီးယား၏အတိုးမဲ့ချေးငွေဖြင့် ဆောင်ရွက်မည့် အီလက်ထရွန်နစ်စနစ် ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း

 

၂၀၁၉ ခုနှစ် ဧပြီလ နောက်ဆုံးပတ်အတွင်း တရုတ်နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် BRI Forum တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ်တို့ ဆွေးနွေးပွဲမှ e- ID စနစ်ကို အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းခဲ့ကြပြီး ဩစတြီးယားနိုင်ငံ OeSD မှ ၉- ID စနစ် တည်ဆောက်ရန်အတွက် ယူရို ၃၃ သန်း အတိုးမဲ့ချေးငွေ ပေးအပ် သွားမည်ဖြစ်ပြီးလုပ်ငန်းကို အဆင့် (၃)ဆင့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆင့် (၁)သည် ၁၀ လ ကြာမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ် ရေးဆွဲခြင်း၊ ပင်မအခြေခံစနစ် တည်ဆောက်ခြင်း၊ Database နှင့် ကွန်ရက် တည်ဆောက်ခြင်း၊ Hardware မှာယူခြင်းနှင့် တင်သွင်းခြင်း၊ စမ်းသပ်ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ခြင်းနှင့် ဖြန့်ဝေခြင်း၊ သင်တန်းများ ပေးခြင်း၊ အချက်အလက်များ ကောက်ယူခြင်း၊ ဗဟိုရုံးရှိ Database သို့ အချက်အလက်များပေးပို့ခြင်း၊ UID နံပါတ်တစ်ခုစီ သတ်မှတ်ပေး၍ မှတ်ပုံတင်သိမ်းဆည်းခြင်း၊ ထပ်တူဖြစ်ခြင်းမှကာကွယ်မည့် (Deduplication) ကို အသုံးပြုခြင်းတို့ ပါဝင်မည်ဖြစ်ပါသည်။ အဆင့် (၂)တွင် ခုနစ်လကြာမြင့်မည် ဖြစ်ပြီး စာရင်းကောက်ခြင်း၊ မှတ်ပုံတင်ခြင်းစနစ် အဆင့်မြှင့်တင်ခြင်း၊ ဗဟို မှတ်ပုံတင်စနစ် အဆင့်မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ပါသည်။ အဆင့် (၃)၌ စာရင်းကောက်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် လိုအပ်သည့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

လူဦးရေမှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများ

 

Unique ID ကိုအသုံးပြုမည့် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်စနစ်သည် နိုင်ငံသားများနှင့် စီမံအုပ်ချုပ်သည့် အစိုးရ၏ စွမ်းဆောင်ရည်ကို အလွန်တိုးမြင့်စွာ အသုံးပြုလာနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လျင်မြန်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် ခိုင်မာသည့် Digital စီးပွားရေးအသွင်သို့ ပြောင်းလဲနိုင်ရန်လိုအပ်သော အခြေခံ အုတ်မြစ်တစ်ခုလည်းဖြစ်ပါသည်။ ဤစနစ်ကြောင့် ဝေးလံခေါင်ဖျားသော ဒေသများမှ နေထိုင်သူများနှင့် ဆက်သွယ်ရသော ကုန်ကျစရိတ်ကို လျှော့ချ ပေးနိုင်ပါသည်။ အစိုးရအတွက် ပိုမိုသက်သာခြင်း၊ မြန်ဆန်ခြင်း၊ ပိုမိုထိရောက် ခြင်းနှင့် နေထိုင်သူအားလုံးကို ထိထိရောက်ရောက် ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ မဲပေးခြင်း နှင့် ငွေကြေးဝန်ဆောင်မှုများကို အကျိုးရှိစွာဖြင့် လွယ်ကူစွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

ထို့ပြင် အကျင့်ပျက်ခြစားမှုများနှင့် ဘေးသို့ယိုထွက်ခြင်းတို့ကိုလည်း လျော့ကျပေးနိုင်မည်ဖြစ်ပါသည်။ Digital နည်းပညာဖြင့် မည်သူမည်ဝါဟုတ်မှန်ကြောင်း စစ်ဆေးနိုင်ခြင်း၏ အကျိုးကျေးဇူးကြောင့် ဤစနစ်သည် အစိုးရဌာနများမှ ထောက်ပံ့ငွေ၊ ဝန်ဆောင်မှုများအား ရည်ရွယ်သူများထံသို့သာ ပေးဆောင်နိုင်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ပါသည်။ ၎င်းစနစ်သည် ကြားခံလူ ပါဝင်ဆောင်ရွက်ရခြင်းကို လျှော့ချပေးပြီး မမြင်ရသောအကျိုးတရား များကိုလည်း ရရှိအောင် အကူအညီပေးမည်ဖြစ်ပါသည်။ ဥပမာ အိန္ဒိယအစိုးရသည် ဤစနစ်ကို အသုံးပြုခြင်းဖြင့် ဘေးသို့ ယိုထွက်မည့်စရိတ် တစ်နှစ်လျှင် ဒေါ်လာ ၁၁ ဘီလီယံ သက်သာမည်ဟု ခန့်မှန်းထားပါသည်။ ဤစနစ်သည် နိုင်ငံသားများကို ခေတ်မီ Digital စီးပွားရေးဝန်ဆောင်မှုများတွင် လိုအပ်သော မည်သူမည်ဝါ မှန်ကန်ကြောင်းကို Online နှင့် ပြင်ပ နှစ်မျိုးစလုံးဖြင့် စစ်ဆေးနိုင်ပါသည်။ ၎င်းသည် လုပ်ငန်းကုန်ကျစရိတ် နည်းပါးစေနိုင် သဖြင့် ကုန်သွယ်မှုနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ တိုးပွားလာနိုင် ပါသည်။

 

ယခုလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အစိုးရအဖွဲ့ အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်နိုင်ခြင်း၊ ပြည်သူ့ဝန်ထမ်း ကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်ခြင်း၊ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းနှင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် များစွာအထောက်အကူပြုခြင်း၊ နေရာအတည်တကျ မရှိသည့် ရွှေ့ပြောင်းသွားလာသူများအတွက် လူမှုရေး အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိသည့်အတွက် အငြင်းပွားဖွယ်ရာကိစ္စများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ပါသည်။

 

ပြည်သူကိုဗဟိုပြုသည့်စနစ်

 

လူဦးရေမှတ်ပုံတင်စနစ် ၉- ID လုပ်ငန်းသည် e- Government စနစ် အောင်မြင်ရန် အခြေခံကျသည့်လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်ပါသည်။ ဒီစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်မှသာ ပြည်သူကို မှန်ကန်မြန်ဆန်ထိရောက်စွာနှင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သကဲ့သို့ အဂတိလိုက်စားမှုလည်း လျော့နည်းသွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီဝင်များသာမက အစိုးရအဖွဲ့ အစည်းအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ အားလုံး၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံး၏တက်ညီလက်ညီ ပူးပေါင်းပါဝင် လုပ်ဆောင်မှုသည် အထူးလိုအပ်ပါသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းနေထိုင်ကြသည့် ပြည်သူအားလုံး အသိတရားနှင့် ပူးပေါင်းပါဝင်လာရေး လုပ်ဆောင်သည့် လုပ်ငန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို သိရှိရေးအတွက် အသိပညာပေးမှုများ၊ သတင်းထုတ်ပြန် အသိပေးမှုများကို မီဒီယာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယခုဆောင်ရွက်မည့် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်း လုပ်ငန်းသည် နိုင်ငံတော်အတွက် မှတ်တမ်းတင်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေ အလွန်လုပ်သင့်သည့်လုပ်ငန်း တစ်ခုလည်းဖြစ်ပါသည်။ ထိုလုပ်ငန်းအောင်မြင်ရေးအတွက် ပြည်သူကိုဗဟိုပြု သည့်စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားရမည့် လုပ်ငန်းဖြစ်လေရာ လုပ်ငန်းများချောမော အောင်မြင်ရေး အတွက် ပြည်သူအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာပါဝင်လုပ်ဆောင် သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ထို့အပြင် အဆိုပါအီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်သည့်လုပ်ငန်းသည် ခေတ်ကာလအချိန်အခါနှင့်အညီ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသည့် ဦးစားပေးလုပ်ငန်းဖြစ်ပေရာ နိုင်ငံတော်အစိုးရက စတင်ဆောင်ရွက်တော့မည့် အဆိုပါလုပ်ငန်းအား လှိုက်လှဲစွာကြိုဆိုပါကြောင်း ရေးသားလိုက်ပါသည်။

 

ရည်ညွှန်းကိုးကား - World Bank - Identity Management System Analysis, Country Report of Myanmar

  • ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြချက်များ
  • သတင်းစာဆောင်းပါးများ

မြင့်မြတ်ရန်ပိုင်