လိုက်ပ်ဇစ်နဲ့ ပွဲတွင် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ရက်ရှ်ဖို့ဒ် ချန်ပီယံလိဂ်သမိုင်းတွင်  လူစားဝင်ကစားပြီးနောက် ပဉ္စမမြောက် ဟက်ထရစ်ဂိုး သွင်းယူနိုင်သည့် ကစားသမားဖြစ်လာ

၂၉  အောက်တိုဘာ

ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ပွဲစဉ်မှာ  မန်ယူက ယမန်နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး အဲဒီပွဲမှာ မန်ယူအတွက် သုံးဂိုး သွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ  ချန်ပီယံလိဂ်သမိုင်းမှာ အရန်ခုံက ထလာပြီး ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပဉ္စမမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

 

နည်းပြ ဆိုးလ်ရှားက  ရက်ရှ်ဖို့ဒ်ကို ပွဲထွက်စာရင်းမှာ မထည့်ခဲ့ဘဲ မန်ယူက ဂရင်းဝုဒ်ရဲ့ ဂိုးနဲ့ ဦးဆောင်နေတဲ့ ပွဲချိန် ၆၃ မိနစ်မှ   ထည့်သွင်းကစားခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဟာ ၇၄ မိနစ်၊  ၇၈ မိနစ်နဲ့  နာကျင်အချိန်ပို ၉၂ မိနစ်တို့မှာ ဂိုးတွေ ဆက်တိုက်သွင်းယူ နိုင်ခဲ့တာကြောင့် ၁၆ မိနစ်အတွင်း ဟက်ထရစ်ဂိုး ရရှိခဲ့တာဖြစ်သလို  ကွင်းထဲဝင်လာပြီး ၁၁ မိနစ်မှာပဲ  ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုပါ ထပ်မံ ရရှိခဲ့ပါတယ်။

 

ယခုပွဲမှာ ဟက်ထရစ်ဂိုး ရယူနိုင်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ဘာပေ၊ ဝေါ်ကာပန်ဒီယာနီ၊  လော်ရန်တေး၊  ရော့စ်လာတို့ပြီးနောက်  ချန်ပီယံလိဂ်သမိုင်းမှာ လူစားဝင်လာပြီး ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပဉ္စမမြောက် ကစားသမား ဖြစ်လာပါတယ်။  မန်ယူ အခုလို ဂိုးပြတ်အနိုင်ရခဲ့တာက   တိုက်စစ်မှူးတွေ ဂိုးသွင်းသေသပ်ခဲ့တဲ့အပြင် ပေါ့ဘာနဲ့ ဖာနန်ဒက်စ် တို့ဆီကို ဘောလုံးထွက်လာမှုဟာ တိုက်စစ်မှူးတွေကို အခွင့်အရေးတွေ ဆက်တိုက်ဖန်တီးပေးနိုင်ခဲ့လို့ဖြစ်ပါတယ်။ 

 

ရက်ရှ်ဖို့ဒ်ကတော့ သူ့ကို စောစောစီးစီး  ဝင်ရောက်ကစားစေခဲ့တဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ဟာ အသင်းရဲ့ လုပ်အားနှုန်းကို ဆက်လက် မြှင့်တင်ဖို့သာ ဖြစ်နိုင်ပြီး ယခုပွဲမှာ  မန်ယူရဲ့ ခြေစွမ်း အစစ်အမှန်ကို မြင်တွေ့ရတာ ဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ် အုပ်စုခွဲရာမှာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ၊ အကြိုဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ လိုက်ပ်ဇစ်တို့နဲ့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် နှစ်ပွဲ ကစားပြီးချိန်မှာ ရမှတ် ခြောက်မှတ် ရထားပြီးဖြစ်တာကြောင့် အုပ်စုကနေ လွန်မြောက်ဖို့  အလားအလာ ကောင်းနေပါတယ်။

မေလဲ့သင်း