လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

နေပြည်တော် ၁၃  ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံ ပြည်သူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေး ရုံးကနောင် ခန်းမ၌ကျင်းပသည်။

 

ရှေးဦးစွာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဆောင်ရွက်နေသည့် အလုပ်သမားများအနက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် လုပ်သားများအတွက် (၂)လတာစီမံချက်ဖြင့် သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံများကိုကွင်းဆင်းပြီး ငွေကုန်ကြေးကျ သက်သာစွာဖြင့် လုပ်ငန်းခွင်မပျက် ဆောင်ရွက်ပေးခဲ့သဖြင့် လုပ်သား ၇၈၈၇ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့သည့်အပြင် ယခုစာသင်နှစ်အတွင်း၌ အခြေခံပညာ ကျောင်းပေါင်း ၃၄၄ ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၃၃၀၂၄ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် လူတစ်ဦးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သည့် ကတ်ပြားဖြစ်ပြီးဌာန၏ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထုတ်ပေးရပါကြောင်း၊ ဘိုးဘွားစဉ်ဆက် မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာရုံးများ၌ ကိုယ်တိုင်သွားရောက် လျှောက်ထားဖြည့်သွင်းဆောင်ရွက်ရသည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း။

 

ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်လျှောက်ထား ရယူနိုင်ခြင်းမရှိသည့်အတွက် ဌာနဝန်ထမ်းများသည် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ပြည်သူများအချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိကိုင်ဆောင်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးမှုကြောင့် အလွယ်တကူရရှိကြသော်လည်း ပြည်သူတစ်ဦးချင်းအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ကတ်ပြားဖြစ်သည့်အတွက် စနစ်တကျ  တန်ဖိုးထားကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း။

 

မကြာခင်ကာလတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းသည် ကြီးမားကျယ်ပြန့်သည့်အတွက် အဖက်ဖက်ကစနစ်တကျ လေ့လာသုံးသပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည်ဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော်လည်းအခြားဆက်စပ်ဌာနများအပြင် ပြည်သူများမှ ပူးပေါင်းကူညီ ဆောင်ရွက်ကြမှသာအောင်မြင်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်းအကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပြည်သူများကိုယ်စား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ကြရာပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

လှိုင်သာယာမြို့နယ်အတွင်းသစ္စာစီမံချက်ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်မှ နိုဝင်ဘာ ၄ ရက်အထိအသက် (၁၀)နှစ်ပြည့်ပြီးသူ ၁၅၀၅ ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ၁၈၉၀ ဦး၊ လဲလှယ်သူ ၈၁၄ ဦးနှင့် ပျောက်/ပျက်၊ မိတ္တူ လျှောက်ထားသူ ၁၈၂၉ ဦး စုစုပေါင်း ၆၀၃၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခမ်းအနားတွင် လှိုင်သာယာမြို့နယ် (၈)၊ (၁၄)၊ (၁၆)၊ (၁၉)ရပ်ကွက်များနှင့် ရှမ်းချောင်းကျေးရွာအုပ်စု၊ ရေဥက္ကံ၊ ကစင်ကျေးရွာအုပ်စုများမှ  ဒေသခံပြည်သူ၁၂၄၇ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့သည်။ 

 

 (သတင်းစဉ်)