လှည်းကူးမြို့နယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံး

လှည်းကူး ၂၃ ဖေဖော်ဝါရီ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဒါးပိန်တောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

782

 

ဖြစ်စဉ်မှာ ဒါးပိန်တောင်ကျေးရွာ ဂျပန်လမ်းပိုင်းနေ ဦးသူရဌေး (၂၃)နှစ် နေထိုင်သော ဓနိမိုး၊ ထရံကာတဲအိမ်ရှိ နေအိမ်မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုဖြစ်ပွားရာသို့ ဒါးပိန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာန၊ ဒါးပိန်မီးသတ်စခန်းနှင့် ထောက်ကြန့်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ယာဉ်(၁)စီးတို့နှင့်အတူ ရွာသူ/ရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

537

 

မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာဝါးအိမ် ၁၅ လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု ၁၈ စုမှ အမျိုးသား (၃၆)ဦး၊ အမျိုးသမီး (၃၆)ဦးတို့အား အနီးဝန်းကျင်ရှိ ၎င်းတို့၏ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဒါးပိန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)