လှည်းလုပ်ငန်းများ အရောင်းအဝယ်ပါးလျက်ရှိကာ လှည်းလုပ်ငန်းပညာရပ်များ ပျောက်ကွယ်သွားမည်ကို ပညာရှင်များစိုးရိမ်နေ

မလှိုင်  ၂  ဇန်နဝါရီ

မလှိုင်မြို့ရှိ လှည်းလုပ်ငန်းများတွင် အရောင်းအဝယ်  ကျဆင်းလာသည်နှင့်အမျှ လှည်းလုပ်ငန်း ပညာရပ်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြောင်း လှည်းလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

လှည်းတစ်စီးတွင် လှည်းဘီး၊ လှည်းအိမ်တို့ပါရှိပြီး လှည်းဘီးတွင် လှည်းဘရောင်း၊ စိတ်မျက်လုံး၊ ဒေါင်လက်၊ တံဂူ၊ သံပင် တို့ပါဝင်ကာ လှည်းနောက်ပိုင်း၌ လှည်းဆံ၊ ဆင့်တုန်း၊ ဆောင်းပန်ခုံ၊ ပွတ်လုံးတိုင်၊ စွယ်ရမ်း အစရှိသည့် အင်္ဂါရပ် အများအပြား ပါဝင်သဖြင့် လှည်းတစ်စီး ပြုလုပ်ရန် မလွယ်ကူသလို လှပခိုင်ခန့်သော လှည်းဖြစ်အောင် ပြုလုပ်ရသည်မှာ ခက်ခဲကြောင်း လှည်းလုပ်ငန်း ပညာရှင်များက ဆိုသည်။

 

လှည်းအမျိုးအစား လေးမျိုးခန့်ရှိပြီး အငယ်ဆုံးလှည်းမှာ နွားအလှပြိုင်သည့်အခါ အသုံးပြုသည့် လှည်းယာဉ်၊ ဇကလှည်း၊ တောကောက်လှည်းနှင့် လှည်းကြီးတို့ဖြစ်ပြီး လှည်းပြုလုပ်သည့်အခါ ၁၆ လက်လှည်း၊ ၁၈ လက်လှည်း၊ ၂၂ လက်လှည်းဟူ၍ အမျိုးမျိုးရှိကာ မှာယူသည့်အပေါ် မူတည်၍ လုပ်ဆောင်ပေးရကြောင်း သိရသည်။

 

လှည်းတစ်စီး ခိုင်ခန့်မှုမှာ နှစ် ၂၀ ကျော်အထိ ရှိနေပြီး ထိုသို့ခိုင်မာအောင်နှင့် ကုန်တင်နိုင်ရန် ကျွန်းသားကဲ့သို့သော အသားများနှင့် အကောင်းစား သံကို အသုံးပြုရသည်။ လှည်တစ်စီး ပြုလုပ်နိုင်ရန် ၇ နှစ်ခန့် ပညာသင်ကြားခဲ့ရပြီး ထိုသို့ သင်ယူခဲ့သော  လှည်းလုပ်ငန်း လက်မှုပညာရပ်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း၊ စက်ယာဉ်များဖြင့် လုပ်ကိုင်လာသော်လည်း စက်များဝင်မရသည့်နေရာ၊ လူတို့မလုပ်ကိုင်နိုင်သော နေရာများတွင် နွားများကို အသုံးချနေရဆဲ ဖြစ်သောကြောင့် "နွားရှိလျှင် လှည်းရှိနေရမည်"ဟု ခံယူထားကြောင်း၊ မလှိုင်မြို့နယ်နေ လှည်းလုပ်ငန်းနှင့် တောင်သူ လယ်ယာသုံးလှည်းနှင့် လှည်းပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး လုပ်ကိုင်ဆောင်ရွက်နေသူ ဦးဇော်မင်းထိုက်မှ ပြောသည်။

 

လှည်းတစ်စီးလျှင် ငွေကျပ် ခြောက်သိန်းခန့် ကုန်ကျစရိတ်ရှိနေပြီး ယခုအချိန်တွင် စိုက်ပျိုးချိန် ဖြစ်နေခြင်း၊ စက်မှုလုပ်ငန်းများ တွင်ကျယ်လာခြင်း၊ နွားကောင်ရေ လျော့နည်းလာခြင်းတို့ကြောင့် နှစ်ရှည်သင်ကြားရသော လှည်းလုပ်ငန်း ပညာရပ် သင်ယူချင်သူ လျော့နည်းလာကာ လှည်းမီးချခြင်း၊ လှည်းထောက်လဲခြင်း၊ လှည်းအသစ်ဝယ်ယူခြင်းများ ကျဆင်းလာသဖြင့် လှည်းလုပ်ငန်းပညာရပ်များ ပျောက်ကွယ်သွားမည်ကို ပညာရှင်များက စိုးရိမ်နေကြောင်း သိရသည်။

ဘိုဘို(မလှိုင်)