လပြာသို အလှခွာညိုနှင့် အမှတ်တရများ

ခင်ဆန်းဦး ( မြန်မာစာ )

 

မြန်မာ့ဘဝ၊ မြန်မာ့အလှနှင့် မြန်မာ့စိတ်ကို သိလိုသူတိုင်းသည် မြန်မာ့အငွေ့အသက်များပါသော တစ်ဆယ့်နှစ်လ ရာသီပွဲတော်များကို ချန်လှပ်ထား၍ မရပေ။ မြန်မာလူမျိုး တို့သည် ရာသီပွဲတော်များနှင့် ထုံမွမ်းထားသော တစ်ဆယ့်နှစ်လပတ်လုံး ပျော်ပွဲများနှင့် ပျော်ရွှင်နေသော လူမျိုးဟုဆိုနိုင်ပါသည်။ ပျော်စရာကောင်းသော မြန်မာပြည်၊ ပျော်ရွှင်တတ်သော မြန်မာလူမျိုး။

 

“မြန်မာ့တစ်ဆယ့်နှစ်လရာသီပွဲတော်” ဟုဆိုလိုက် သည်နှင့် ... ။

 

“သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ

စာပလွေခင်း၊ ပဉ္စင်းတော်ခံ

စာရေးတံနှင့်၊ မြစ်ယံပွဲကြီး

ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း

မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုန်း

ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်

ဤသို့ယှဉ်သား လစဉ်အမြဲ ဆယ့်နှစ်ပွဲ”...

 

ဟူ၍ လက်ဝဲသုန္ဒရ၏ သာဓိန ပိုဒ်ရေ (၃၀) ကို သတိရမိပါသည်။ တစ်လလျှင် ရာသီပွဲတစ်မျိုးဖြင့် တစ်ဆယ့်နှစ်လလုံး ကျင်းပကြရာ ထိုပွဲတော်များတွင် “မြင်းခင်း သဘင်” ကျင်းပသော ပြာသိုလလည်း ပါဝင်ပါသည်။ ရှေးပညာရှင်များက “ရာသီမသိပန်းနှင့်ညှိ” ဆိုသည့် အတိုင်း ပြာသိုလ၏အသွင်ကို

 

“ပန်းကံ့ကော်၊ ရွှေစံကား

ငွေသားနုစံပယ်မှန်

မြတ်လေး ခတ္တာနှင့်

ရွှေယင်းမာ၊ ကြာခဝဲ၊

ဖွဲစနှင်းလျှံ၊ သဇင်ကျန်

ခွာတံပေါက်လဲ

ပွင့်ဝတ်ကယ်ရွှေဖီမင်း ၊

သင်းထုံနံ့ကဲ” ...

 

ဟူ၍ တစ်ဆယ့်နှစ်လရာသီ ပန်းဘွဲ့လေးချိုးဖြင့် ပြာသိုလ၏ရာသီပန်းမှာ ခွာညိုပန်းဖြစ်ကြောင်း ကဗျာဖွဲ့ ထားပေသည်။

 

ဟေမန္တကာလ

 

ပြာသိုလသည် ရက်ပေါင်း ၃၀ ပြည့်သော ရက်စုံလ ဖြစ်သည်။ မြန်မာလများတွင် ဆယ်လမြောက်လ ဖြစ်သည်။ ဥတုသုံးလီအနက် ဟေမန္တကာလ ဖြစ်သည်။ မြောက်ပြန်လေအေးကြောင့် ညအခါ အချမ်းပိုသည်။ ထိုကာလတွင် နံနက် ၇ နာရီ ၁၅ မိနစ်တွင် နေထွက်ပြီး ညနေ ၄ နာရီ ၄၈ မိနစ်တွင် နေဝင်သည်။ နေ့တာတို၍ ညတာရှည်သောကာလဖြစ်သည်။ နက္ခတ်အားဖြင့် ငွေစန္ဒာလမင်းနှင့် ဖုသျှနက္ခတ်တို့ ယှဉ်ပြိုင်ထွန်းလင်းကြသည်။ သမင်မျက်နှာရှိသော မကန်းငါး၊ ဆိတ်ချိုရုပ်များသည် ပြာသိုလ၏ရာသီရုပ်များ ဖြစ်ကြသည်။ ရှေးစာဆိုတို့က ပြာသိုလ၏သဘာဝကို “အာဒိစ္စရယ်တဲ့ မန်သူရှိန်၊ ပြင်လမ်းသူခွာလို့၊ ဒက္ခိဏာယဉ်အစွန်းမှာ ထွန်းတဲ့ခါချိန်၊ ပြာသိုမှာစိုနှင်းရယ်နှင့် ခါအခို ခွာညို၊ သင်းပါဘိ၊ မြင်းခင်း မြတ်တော်သလင်းမှာလ၊ ငွေပုစွန် တာရာလင်းတယ်။ နှင်းမြူပိတ်ဖုံး” ဟူ၍ ကဗျာဖွဲ့သီခဲ့ကြပေသည်။

 

ပြာသိုဟူသော ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် ပ္လာ+သိုဝ်ပ္ပမှ “ပ” ဟူသည်ထွန်းလင်းခြင်း၊ တောက်လောင် ခြင်းဟု အဓိပ္ပာယ်ဖွင့်ပြီး “လ” ဟူသည် ချိပ်ဖယောင်းဟု ယူဆရာ “သိုဝ်” မှာ သိုသည်၊ စုသည်ဟု အဓိပ္ပာယ် ရသဖြင့် ပြာသိုကို ပျားဖယောင်းစုသောလဟု မှတ်ယူကြသည်။ အချို့ ပညာရှင်များက “ပရသိတလ”မှ ပြာသိုဟုပြောင်းလဲလာသည်။ အဓိပ္ပာယ်ကား အခြားသော လများထက် ပို၍ချမ်းအေးသောလဟု ပညာရှင်များက ယူဆကြသည်။ မြန်မာ့ရာသီဥတုနွေ၊ မိုး၊ ဆောင်းတို့သည် သူ့ရာသီအလိုက် အရေးပါကြသည်။ ပြာသိုလသည် ဟေမန္တ ဆောင်းလရာသီဖြစ်ပြီး ဆီးနှင်းများကျသောလ ဖြစ်သည်။ ဝေါဟာရလီနတ္ထ ဒီပနီကျမ်းတွင် ပြာသို ဝေါဟာရကို မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါသျှီဟု ခေါ်သည်။ ပေါ်သျှီမှ ပြောသီ၊ ပြောသီမှ ပြာသို ဖြစ်လာသည်ဟု ရှင်းပြထားသည်။ ဆီးနှင်းများ မြူခိုးများကျသဖြင့် မြင်ကွင်းများ ဝေဝါးတတ်သော လဟု ဆိုသည်။

 

အချမ်းပိုကဲသော ဆောင်းလရာသီ

 

ပြာသိုလတွင် ချစ်စ၊ ခင်စ၊ ကြင်နာစ ချစ်သူများအဖို့ အလွမ်းပိုသော အခါသမယလည်း ဖြစ်ပါသည်။ ကြင်ဖော်နှင့် ဝေးကွာနေခိုက် ချစ်သူလေး၏ ညှိုးငယ်နေသော အသွင်ကို ပြာသိုမာသ၊ မကာရတွင် ပွင့်ကြကြိုင်သင်း၊ မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊ လှမျိုးငြိမ့်တို့၊ နှစ်သက်စရာ၊ ကြင်ဖော်ကွာသား၊ ခွေကာစုရုံး၊ မဉ္ဇူအုံးမှာ မပြုံးညှိုးငယ်၊ သနားဖွယ်နှင့်” ဟူ၍ ချမ်းအေးသောကာလမှာ လွမ်းဆွေးနေသော ချစ်သူလေး၏ အလွမ်းသရုပ်ကို ဦးယာက ကဗျာဖွဲ့သီထားပေသည်။ နဝဒေးကြီးကလည်း “နတ်ပန်းခွံမြ၊ ပေါ်သည့်လဝယ်၊ တစ်ရာ့တစ်ဆောင်း၊ ရုံးလာ ပေါင်းလည်း၊ ကူကြောင်းမရှိ၊ ချမ်းလှဘိ၏” ဟူ၍ အချမ်း ပိုကဲသော ဆောင်းလရာသီကို ကဗျာဖွဲ့သီထားပေသည်။

 

ပြာသိုလသည် နှင်းများဝေကာ အလွန်ချမ်းအေးလှသဖြင့် ပန်းမန်တို့ရှိ ပန်းဝတ်ဆံများကို ချူသောကာလဟု ဆိုကြပါသည်။ မီးပုံတွင် ခဏတာမျှ နွေးအောင် မီးလှုံသော်လည်း မနွေးနိုင်သော ကာလလည်း ဖြစ်ပေသည်။ ခြုံလွှာအထည်များစွာတို့ဖြင့် လုံအောင်ထွေးသော်လည်း ကြက်သီးမွေးညင်းများပင် ထ၍ ချမ်းအေးလှသည့်ကာလ ဖြစ်ကြောင်းကို “ထည်ပေါင်းမှ ထောင်ရာ၊ ခြုံလေအေးလေ၊ ကြက်သီးတွေနှင့် ရင်ရွှေပျားမင်း၊ ဩဇာကင်းသည်။ ချိုးလင်းပြာတို့၊ မသာမကြည်၊ ပရိဒေဝ၊ ငိုကြွေးကြလို့” ဟု စာဆိုမယ်ခွေက အဲချင်းကဗျာဖြင့် စပ်ဆိုထားပေသည်။ ထို့ပြင် “မှော်ကြာမှာ ဖော်ကွာဝေးသူမို့၊ အေးတဲ့ဟေမန်၊ သင်းကြည်ကြည်နှင်းရည်သပါတဲ့၊ တုန်ချမ်းကွယ် ပိုသာပိုတော့တယ်၊ ပန်းခွာညို ပေါ်တဲ့ခိုက်ကိုလ နန်းလျာကိုလာလို့ ပိုက်လှူပ၊ ချစ်တဲ့သူငယ်က ကြိုက်ဘိုဗျာ လွမ်းလိုက်လေခြင်း” ဟူသော ရှေးခွန်းထောက်ကလည်း ပြာသိုကြောင့် ဗျာများ နေရသော ချစ်သူလေး၏ အလွမ်းကိုလည်း ကဗျာဖွဲ့သီထား ပေသည်။

 

ပြာသိုလသည် ချစ်သူခင်သူတို့အတွက် ချမ်းရင်းနှင့် လွမ်း၊ လွမ်းရင်းနှင့် ချမ်းစေသည့် ကာလဖြစ်ကြောင်း၊ ချစ်သူတို့၏ သဘာဝကို ကဗျာစာပေ ပုံစံအမျိုးမျိုးတို့ဖြင့် သရုပ်ဖော်ခဲ့ကြပေသည်။ “နီးဖို့ရာဆိုလျှင်၊ ဝါဆိုတောင်မှ ပြာသိုနားပင်ထားလိုက်ချင်ရဲ့”...  ဟူသောချစ်သူ့စကားသံ များကလည်း အချမ်းကို အန်တုကာ ပြာသိုလ၏အလွမ်း အမှတ်တရလေးများဟု ဆိုနိုင်ပေသည်။ ။

 

ပြာသိုလသည် လူတို့ကိုသာ အေးစေသည်မဟုတ်။ ကျေးငှက်သာရကာလေးများကိုလည်း အအေးဒဏ်ခံစား စေပါသည်။ ကြိုင်သင်းမွှေးပျံ့နေသော ခွာညိုပန်းများ ပွင့်လန်းရာ ပြာသိုလတွင် “စင်ရော်ဝမ်းဘဲ၊ ငွေသောင်သဲတွင်၊ ဆကဲကြင်နာ၊ ငှက်ကြိုးကြာတို့၊ သံသာရင့်ကျူး၊ ပျော်ကြမြူးလျက်၊ ပွင့်ဖူးစိုစို၊ ပန်းခွာညိုလည်း၊ ပြာသိုမာသ၊ ထိုသည့် လတွင်း ပွင့်ကြကြိုင်သင်း”... ဟူ၍ စင်ရော်၊ ဝမ်းဘဲ၊ ကြိုးစသော ရေကျေးရေငှက်တို့သည် ချမ်းရှာကြသဖြင့် ငွေသောင်ယံမှာ နေပူဆာလှုံရင်း သံစုံကျူးရင့်ကာ ပျော်မြူးနေကြပုံကို ဦးယာက စာပန်းချီခြယ်ခဲ့ပေသည်။

 

mdn

 

ပြာသိုလ၏ အမှတ်တရလေးများ ပြာသိုလသည် ယာသမားများအတွက် နှမ်းစိုက် အောင်မြင်သောလလည်း ဖြစ်ပေသည်။ နှမ်းခါချိန်ဖြစ်သဖြင့် ထိုကာလတွင် မိုးကိုမမျှော်၊ နေကိုသာ မျှော်ကြပေသည်။ နှမ်းပင်များကို နုတ်ပြီး အပင်များကို ခေါင်းချင်းဆိုင် ပုံထားရကာ နှမ်းရွက်စိမ်းများပုပ်၍ နှမ်းသီးများ မှည့်လာသောအခါ နှမ်းပင်ကို စည်းပြီးထောင်ရသည်။ ထိုကာလတွင် နှမ်းတောင်သူတို့ ပူပန်ရပုံကို ... “နှမ်းထောင်နှမ်းစည်း၊ ပွေ့ပြီးယူလျာ၊ လျင်စွာခွာရိုက်၊ ချွေးပြိုက်ပြိုက်နှင့်၊ အမှိုက် အမှော်၊ မစင်သော်လည်း ခေါင်းပေါ်မှာရွက်၊ ပခုံး ထက်တင်၊ အသော့နှင်ကြ”... ဟူ၍ မထင်မှတ်ဘဲ မိုးရွာလာခဲ့သော် “ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက်၊ နှမ်းပုံ ဖျက်”... ဟူသော နှမ်းဖျက်မိုးကြောင့် သောကများရပုံကို မြင်ယောင်လာအောင် ဖွဲ့ဆိုထားပေသည်။ သက်ကြီး စကားသက်ငယ်တို့ကြားကာ အတွေ့အကြုံအဖုံဖုံကို မှတ်သားခဲ့ကြသည့် ပြာသိုလ၏ အမှတ်တရလေးများ ဖြစ်လာပေသည်။

 

မြင်းခင်းသဘင်ပွဲတော်

 

ဤသို့ ချမ်းအေးလှသော လပြာသို၏ရာသီပွဲတော်မှာ “မြင်းခင်းသဘင်” ပွဲတော်ပင် ဖြစ်ပါသည်။ ရှေးမြန်မာ ဘုရင်များသည် ငွေနှင်းစိုသော လပြာသိုတွင် မြင်းခင်း သဘင်ကို နှစ်စဉ်ကျင်းပခဲ့ကြပါသည်။ ရွှေနန်းတော်ကြီး၏ မြောက်ဘက်ကွင်းတွင် ပြုလုပ်ကြသည်။ အလျား တစ်မိုင်၊ အနံ တစ်ဖာလုံခန့်ကျယ်ပြီး မြင်းရေး ၃၇ ရေး၊ ဆင်ရေး၊ ဓား၊ လှံ၊ စက်ထိုး၊ ဗလီခတ်၊ သေနတ်ပစ်၊ သိုင်းအမျိုးမျိုး ပြိုင်ပွဲတို့ကို ကျင်းပကြပါသည်။ သူရသတ္တိနှင့်ပြည့်စုံ၍ လက်ရုံးရည်ပြိုင်ကြသောပွဲလည်း ဖြစ်သည်။ နန်းတော် အိမ်တော်မှသည် မင်းမှူးမတ်၊ သူဌေး၊ သူကြွယ်တို့ စိတ်ဝင်စားကြသည်။ ထူးချွန်သူတို့အား သမီးများနှင့် မှန်းထားကြသောပွဲလည်း ဖြစ်သည်။ ထိုပွဲကို သမက်လောင်း ရှာပွဲ၊ ကြင်ဖက်တော် ရွေးပွဲဟုလည်း ဆိုကြသည်။ မင်းသမီးလေးများ၏ အရေးပေးမှု၊ ဘုရင်နှင့် မိဖုရားတို့၏ ချီးမြှောက်မှုကို ရနိုင်သောပွဲလည်း ဖြစ်သည်။ မြင်းခင်းသဘင်ပွဲအကြောင်းကို...

 

“ခါးပတ်တော်မှာ ရွှေချည်စုံ

မှိုင်းလုံးရွှေဝတ်လုံ၊ မလုံသာချမ်းမြ၊

မိုးသောက်ထ၊ ရောင်မြူငယ်လာကို

ထိပ်ပန်းပန်ငယ်၊ မြင်းခင်းကြွပါလို့လေး”...

 

ဟူ၍ ပင်းယခေတ် မြင်းခင်းတော် ဘွဲ့ကြိုးတစ်ပုဒ်ကိုလည်း တွေ့ရပေသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်တွင်

 

“ဆင်ပေါက်ဦးစီး၊ မှူးကြီးမတ်များ

ရွှေသားစိုစို၊ မောက်တိုမောက်လူ

လှံဓားဆွဲ၊ လက်ဝဲလက်ျာ

တီးပါအတည်၊ မြင်းရှည်မြင်းတို

ကိုယ်ကိုဝတ်ဆင်၊ ရွှေဖျင်အင်္ကျီ

ပုစွန်ဆီနှင့်၊ နီလာမြသွေး

စိုင်းနှင်ပြေး၍၊ မြင်းရေးယှဉ်ပြိုင်

စက်တိုင်စက်ကွင်း၊ စီးနင်းထိုးဖောက်

ရှေ့နောက်ဆုတ်ငင်၊ ဆင်လည်းမုန်ပြင်း

မြင်းခင်းပွဲတော်

 

ဟူ၍ ယာယီမဏ္ဍပ်များ ဆောက်ကာ မင်း၊ မိဖုရားနှင့် သမီးတော်များက ရှုစားကြပုံ၊ မြင်းခင်းသဘင်ပွဲ အကြောင်းအရာများကို စာဆိုဦးယာက ရေးဖွဲ့ထားရာ ကုန်းဘောင်ခေတ် မြင်းခင်းသဘင်မှ သူရဲကောင်း များ၏ နှလုံးရည်၊ လက်ရုံးရည် ထူးချွန်ပြောင်မြောက်ကြပုံကို ဂုဏ်ယူဖွယ်တွေ့နိုင်ပေသည်။ ။

 

ပြာသိုဆောင်းလ ချမ်းမြမြဝယ် စက်ကွင်းလှံထိုးပွဲမှာလည်း အလွန်ကြည့်ကောင်းလှပေသည်။ အနီးဆုံး ၁၅ တောင်၊ အဝေးဆုံး အတောင် ၆၀ အကွာမှ ပစ်ထိုးကြရသည်။ လှံများတွင် ပန်းဖွားများတပ်ထား၍ ကြည့်ကောင်းလှသည်။ မြင်းရေးစီးပြနေစဉ် မြင်းရေး ၃၇ ချင်းကို ဆိုင်းဝိုင်းများက တီးခတ်ကြသည်။ မြင်းဖြင့်ပြေးသွားစဉ် မြေ၌လိမ့်နေသော ရှောက်သီးများကို ထိုးယူကြရသည်။ လှံများတွင် ပုတီးစေ့များ သီထားသကဲ့သို့ ထိုးနိုင်ကြသည်။ ဓားခုတ်ပြိုင်ပွဲများကို ကျင်းပရာတွင် မြင်းပေါ်မှ ငှက်ပျောပင်၊ ကြံပင်များကို ခုတ်လှဲရခြင်း၊ ရေပြည့်အိုးများ တင်ထားသော ငှက်ပျောပင်ကို ခုတ်ပိုင်းရာ ငှက်ပျောပင် မလဲပြိုအောင် ခုတ်နိုင်စွမ်းခြင်းဖြင့် ဓားစွမ်းရည်ကိုလည်း ထူးချွန်ပြောင်မြောက်စွာ ပြသနိုင်ကြပေသည်။ လေးအစွမ်းပြရာ၌ သံပရာသီးကို မှန်အောင် ပစ်ရခြင်း၊ ဓားသွားကိုထောင်၍ သံပရာသီး ထက်ခြမ်းကွဲအောင် ပစ်ကြရသည်။ ဆင်ခင်းပွဲကျင်းပရာတွင်လည်း ဆင်ကို ကြောက်မက်ဖွယ် အသံများပေး၍ မကြောက်မလန့်သောဆင်ကို တိုက်ဆင်အဖြစ်ရွေးကြရသည်။ ဤသို့ဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် အလေးအနက်ထားကာ ဆင်ခင်း၊ မြင်းခင်းသဘင်ကို ပြာသိုလတွင် ကျင်းပခဲ့ကြ ခြင်းဖြင့် မြန်မာ့သူရဲကောင်းများ မွေးထုတ်ခဲ့ကြပေသည်။

 

မြန်မာလူမျိုးတို့ ရာသီပွဲတော်ကျင်းပကြခြင်းသည် နိုင်ငံတော်အတွက် လိုအပ်သော ကာကွယ်ရေး၊ သာသနာရေး၊ လူမှုရေး၊ ပညာရေး၊ စည်းလုံးရေး စသည့်အရေးအရာများကို အရေအတွက်မှ အရည်အချင်းဆီသို့ ရည်သန်လျက် ကျင်းပကြသည်ဟု ဆိုနိုင်ပါသည်။ မြန်မာ့ တစ်ဆယ့်နှစ်လ ပွဲတော်များကို ရှေးအစဉ်အလာမပျက် ယနေ့တိုင် ဆက်လက်ကျင်းပခဲ့ကြသော်လည်း “မြင်းခင်း သဘင်” ပွဲတော်ကိုမူ မကျင်းပတော့ပေ။ ရှေးမြန်မာမင်းများ လက်ထက်က “ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်”ဟူ၍စစ်အင်္ဂါလေးပါး ရှိခဲ့သောကြောင့် မြင်းခင်းသဘင်ပွဲတော်ကို ကျင်းပကာ သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံသော စစ်သည်တော်များကို မွေးထုတ်ခြင်းဖြင့် လိုအပ်ချက်နှင့်အညီ စွမ်းဆောင်ခဲ့ကြခြင်း ဖြစ်ပေသည်။

 

ပြာသိုလပြည့်နေ့ကို ကထာစဉ်ဟောတော်မူသောနေ့

 

ပြာသိုလပြည့်နေ့တွင် ဘာသာရေးနှင့် ပတ်သက်၍လည်း ထူးခြားသော ဗုဒ္ဓသာသနာ မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေသည့်အကြောင်းကား မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၌ မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီး ပြာသိုလ၌ ဗိမ္ဗိသာရမင်းထံသို့ ကတိကဝတ်ပြုခဲ့သည့်အတိုင်း ဘုရားဖြစ်လျှင် ရာဇဂြိုဟ်ပြည် မိမိထံသို့ ကြွလာတော်မူပါရန် ပင့်လျှောက်ထားသဖြင့် ကြွသွားတော်မူပြီး ဒါနကထာ၊ သီလကထာ၊ သစ္စကထာ စသည်ဖြင့် ကထာစဉ်အတိုင်း တရားဟောတော်မူရာ မင်းကြီးနှင့်တကွ တစ်သိန်း တစ်သောင်းသော ရာဇဂြိုဟ်ပြည်သူအများ သောတပန် ဖြစ်သွားကြလေသည်။ သို့ဖြစ်ရာ ပြာသိုလပြည့်နေ့ကို ကထာစဉ် ဟောတော်မူသောနေ့အဖြစ် သိမှတ်ရပါသည်။

 

ပြာသိုလပြည့်နေ့ကို “ရှင်တစ်ထောင် အခါတော်နေ့” ဟူ၍ နေ့ထူးနေ့မြတ်အဖြစ် ရှင်တစ်ထောင်ပွဲများ ကျင်းပကြပါသည်။ ရှင်တစ်ထောင်အခါတော်ပွဲ ကျင်းပရခြင်း အကြောင်းမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏ အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့ ကူးပြောင်းရောက်ရှိလာသည်ကို အကြောင်းပြု၍ ကျင်းပခြင်း ဖြစ်ပါသည်။

 

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် ရောက်ရှိတော်မူပါသည်။ ပြာသိုလပြည့်နေ့အထိ နှစ်လကြာမျှ ဥရုဝေလတောတွင် သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုအချိန်က ဥရုဝေလတောတွင် အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်သော ရသေ့ ၅၀၀၊ အစ်ကိုလတ် နဒီ ကဿပခေါင်းဆောင်သော ရသေ့ ၃၀၀၊ ညီအငယ် ဂယာ ကဿပခေါင်းဆောင်သော ရသေ့ ၂၀၀တို့ သုံးနေရာခွဲ၍ နေထိုင်လျက်ရှိကြပါသည်။ မြတ်စွာဘုရားက ဥရုဝေလ ကဿပထံ နေထိုင်ခွင့်တောင်းရာ နဂါးကြီးရှိသော မီးတင်းကုပ်၌ နေခွင့်ပေးပါသည်။ မြတ်စွာဘုရားက နဂါးကြီးကို တန်ခိုးတော်ဖြင့် နှိမ်နင်းပြရာ ဥရုဝေလကဿပနှင့် ရသေ့များက အထင်ကြီးသွားကြပါသည်။ ရသေ့တို့၏ ကိလေသာ ခေါင်းပါးရန် မီးလှုံခြင်း၊ ရေငုပ်ခြင်း စသော ပဉ္စာတပအကျင့်များ လွဲမှားသောအယူဝါဒတို့ကို တန်ခိုးအမျိုးမျိုးပြသကာ ပယ်ချွတ်တော်မူခဲ့ပါသည်။ နောက်ဆုံး၌ ရသေ့အားလုံးတို့သည် သူတို့၏အသုံးအဆောင်များကို မြစ်ထဲသို့မျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို တောင်းခံကြပါသည်။

 

ရှင်တစ်ထောင်ပူဇော်ပွဲ မြတ်စွာဘုရားရှင်က ရဟန်းတစ်ထောင်ကို “ဂယာ သီသ” ကျောက်ဖျာပြင်ထက်၌ “အာဒိတ္တပရိယာယသုတ္တန်” ဒေသနာတော်ကို ဟောတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ရောက်တော်မူကြပါသည်။ သို့ဖြစ်၍ ပြာသိုလပြည့်နေ့တွင် ရှင်တစ်ထောင် ကျွတ်ပွဲကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်အား ဆီမီး တစ်ထောင်၊ ပန်းတစ်ထောင်၊ ရေတော်တစ်ထောင်၊ ဆွမ်းတစ်ထောင်၊ သစ်သီးတစ်ထောင်စသည်တို့ဖြင့် ပူဇော်ကာ ကုသိုလ်ယူကြပါသည်။ အချို့အရပ်ဒေသ၌ ရှင်တစ်ထောင်ပူဇော်ပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ကြပါသည်။ ပြာသိုလပြည့်နေ့၏ နေ့ထူးနေ့မြတ်အဖြစ် ကြည်ညိုမိစေပါသည်။ ။

 

မြန်မာလူမျိုးတို့သည် တစ်ဆယ့်နှစ်လရာသီတိုင်းတွင် ကျင်းပပြုလုပ်လေ့ရှိကြသော ရိုးရာအစဉ်အလာ ရာသီပွဲများကို အလေးထားကာ ဆောင်ရွက်ကြခြင်းဖြင့် ယဉ်ကျေးမှုအစဉ်အလာ၊ ဘာသာတရား အစဉ်အလာ ကြီးမားသော လူမျိုးဖြစ်ကြောင်း “လပြာသိုမှ အမှတ်တရ များ”က ပြောပြနေပေသည်။