လွှတ်တော်ကိုယ်စားလှယ် ကျင့်ဝတ်(မူကြမ်း)နှင့် ပတ်သက်သည့် စကားဝိုင်းကျင်းပ

ဒီကျင့်ဝတ်ကို ရေးဆွဲတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနာဂတ် မျှော်မှန်းချက်နဲ့ တာဝန်ကို ဦးတည်ရေးဆွဲထားပါတယ်

 

ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီက ရေးဆွဲခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်ကျင့်ဝတ်(မူကြမ်း)နှင့် ပတ်သက်သည့် စကားဝိုင်းကို ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး ၊ လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် ညောင်လေးပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်သိန်း၊ ဖားဆောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ ၊ တောင်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်တို့က ဇူလိုင် ၁၇ ရက်က ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့် အရေးကော်မတီရုံး၌ ဆွေးနွေးခဲ့ကြသည်။ 

 

ထိုသို့ ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

ဒေါက်တာလှမိုး။ ။ ပြည်သူ့ လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီအနေနဲ့ သက်တမ်း သုံးနှစ်ခွဲကာလ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအနေနဲ့ လုပ်ငန်းတာဝန်တွေ မြောက်မြားစွာ ရှိပါတယ်။ အဓိကလုပ်ရတဲ့ လုပ်ငန်းတာဝန်တွေကတော့ လွှတ်တော်ကျင်းပတဲ့အခါ နေ့စဉ်လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင် ရသလို၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရကြားမှာရှိတဲ့ ပွတ်တိုက်မှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကြားမှာရှိတဲ့ ပွတ်တိုက်မှုတွေ၊ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းကြားမှာရှိတဲ့ ပွတ်တိုက်မှုတွေကို ဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ ကော်မတီ တစ်ခုလည်း ဖြစ်ပါတယ်။ ဥပဒေအတွင်းကနေ လွှတ်တော်ကိုယ်စားလှယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရရှိအောင် ဆောင်ရွက်ပေး နေတဲ့ ကော်မတီတစ်ခုလည်း ဖြစ်ပါတယ်။

 

ဒီတာဝန်တွေအပြင် မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကို ကျွန်တော်တို့ကော်မတီကနေ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ဥပဒေကိုစပြီး ကျင့်သုံးနေပါပြီ။ ဒါက ကျွန်တော်တို့ ကော်မတီရဲ့ အောင်မြင်မှုတစ်ခုပါ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းဖို့လိုအပ်တဲ့ ဥပဒေပေါင်း ၄၀ ကျော်ကိုလည်း လေ့လာဆောင်ရွက်လျက်ရှိပါတယ်။

 

အခု ကျွန်တော်တို့ကော်မတီအနေနဲ့ ဆောင်ရွက်နေတဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ လွှတ်တော်ကိုယ်စားလှယ် ကျင့်ဝတ်(မူကြမ်း)ကို ရေးဆွဲလျက်ရှိပါတယ်။ ဒီလိုရေးဆွဲနိုင်ဖို့ အစည်းအဝေးတွေ အများကြီး ပြုလုပ်ပြီး တွေ့ဆုံညှိနှိုင်း ခဲ့ပါတယ်။ ဒီနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ် ကျင့်ဝတ်(မူကြမ်း)နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ကျင့်ဝတ်လိုအပ်ပါတယ်။ ဘာကြောင့် လိုအပ်သလဲ ဆိုရင် လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်တွေရှိတယ်။ ဒီလိုရှိပေမယ့် ကျင့်ဝတ်ဆိုတာ လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ၊ နိုင်ငံတကာမှာ အဖွဲ့အစည်းတိုင်းဟာ ကျင့်ဝတ်ရှိ ကြပါတယ်။ တချို့အရာတွေမှာ ဥပဒေ၊ နည်းဥပဒေအနေနဲ့ ပြဋ္ဌာန်းမထားပေမယ့် ကျင့်ဝတ်အနေနဲ့ လိုက်နာဆောင်ရွက်ရတာရှိပါတယ်။ 

 


ဥပဒေနဲ့ ပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့် ကျင့်ဝတ်တွေကို လိုက်နာပြီး ကိုယ့်ရဲ့အဖွဲ့အစည်းကို အများသူငါ ယုံကြည်လေးစားလိုက်နာဖို့အတွက် ချမှတ်ကျင့်သုံးကြတာ ဖြစ်ပါတယ်။ ဥပဒေမှာ မပါပေမယ့် လိုက်နာဖို့လိုအပ်တဲ့အရာတွေကို ကျင့်ဝတ်တွေအဖြစ် လေးစားလိုက်နာရင် မဲဆန္ဒရှင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာ ယုံကြည်မှု ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။

 

ယုံကြည်မှု မြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ပိုမိုပြီးခိုင်မာ တောင့်တင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်များ (ကျင့်ဝတ်)ကို ရေးဆွဲရခြင်းဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် သက်တမ်းမှာကတည်းက ဒီကျင့်ဝတ်ကို ရေးဆွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့ မူကြမ်းအဆင့် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ 

 

ဒီကျင့်ဝတ်ကို ရေးဆွဲတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနာဂတ် မျှော်မှန်းချက်နဲ့ တာဝန်ကို ဦးတည်ရေးဆွဲထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တ အားလုံးရဲ့ မျှော်မှန်းချက်က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံအဖြစ် ထူထောင်တဲ့အခါ မြန်မာ့လွှတ်တော် အဖွဲ့အစည်း ခိုင်မာတောင့်တင်းစေဖို့အတွက် နံပါတ်တစ် ဦးတည်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်တွေမှာ အဓိက လုပ်ငန်းတာဝန် သုံးရပ်ရှိပါတယ်။ ဘာတွေလဲ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်း မဖြစ်မနေ ဆောင်ရွက်ရတဲ့ လုပ်ငန်းက ဥပဒေပြုခြင်းပါ။ ဥပဒေအသစ်ပြဋ္ဌာန်းခြင်း၊ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နိုင်ငံတော်အတွက် အရေးကြီးတဲ့ စီမံကိန်းဘတ်ဂျက်ဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းခြင်းတွေကို ကျွန်တော်တို့ မဖြစ်မနေဆောင်ရွက် ရပါတယ်။

 

ဒုတိယက စောင့်ကြည့်ထိန်းညှိခြင်းပါ။ မဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်ကိုလည်း ထမ်းဆောင်ရပါတယ်။ တတိယက မဲဆန္ဒရှင်တွေရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းပါ။ ဒီလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေ ကျင့်ဝတ်ကို လေးစားလိုက်နာခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ထူထောင်တာကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ကျင့်ဝတ်တွေ ရေးဆွဲရတဲ့ ရည်ရွယ်ချက်တွေ ရှိပါသေးတယ်။

 

နံပါတ်တစ်က မြန်မာနိုင်ငံလွှတ်တော် အရပ်ရပ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဂုဏ်သိက္ခာနဲ့အညီ မှန်ကန်တည့်မတ်စွာ တာဝန်ထမ်းဆောင်ဖို့အတွက် လမ်းညွှန်အနေနဲ့ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ 

 

နံပါတ်နှစ်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ တည်ဆဲဥပဒေတွေကိုသာမက ဒီထက်မြင့်မားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေကို လိုက်နာဖို့ဖြစ်ပါတယ်။ နံပါတ်သုံးက လွှတ်တော် ကိုယ်စားလှယ်ရဲ့ တာဝန်ဝတ္တရားတွေကို ကျင့်ဝတ်တွေနဲ့အညီ သမာသမတ်ကျစွာနဲ့ ထမ်းဆောင်ခြင်းအားဖြင့် ပြည်သူလူထုနဲ့ မဲဆန္ဒနယ်တွေအကျိုး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ နံပါတ်လေးက လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာစောင့် ထိန်းရတဲ့ ကျင့်ဝတ်တွေကို အများပြည်သူက သိရှိနားလည်ပြီး ပြည်သူရဲ့ ယုံကြည်အားကိုးမှု မြင့်တက်လာဖို့ ဖြစ်ပါတယ်။ နံပါတ်ငါးက လွှတ်တော်ကိုယ်စားလှယ်တွေ ကျင့်ဝတ်လိုက်နာမှု ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ 

 

ဒီလိုကျင့်ဝတ်တွေ ရေးဆွဲပြီး ဘာတွေ ဆောင်ရွက်မယ်ဆိုတာကို ကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာမြင့်သိန်းက ဆက်ပြီးရှင်းပြ သွားမှာဖြစ်ပါတယ်။

 

ဒေါက်တာမြင့်သိန်း။ ။ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး အခြေခံမူတွေ ချမှတ် ထားပါတယ်။ အခြေခံမူ ခြောက်ချက်ရှိပါတယ်။ Code of Conduct ခေါ်တဲ့ ကျင့်ဝတ်မှာ အခန်းပေါင်း ငါးခန်းရှိပြီးတော့ ဒီအပေါ်ကနေမှ အခြေခံမူ ခြောက်ချက် သတ်မှတ်ခဲ့ပါတယ်။ အခြေခံမူခြောက်ချက်က ဖြောင့်မတ်တည်ကြည်မှုရှိရမယ်၊ တာဝန်ယူမှုရှိရမယ်၊ တာဝန်ခံမှုရှိရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ မျှတမှုရှိရမယ်၊ အားလုံးပါဝင်နိုင်မှုရှိရမယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ 

 

ဒီအချက်ခြောက်ချက်ထဲက ဖြောင့်မတ် တည်ကြည်မှုနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီဆိုကတည်းက ကိုယ်စားလှယ်လောင်းဖြစ်ပြီဆိုကတည်းက ပြည်သူတွေက ဖြောင့်မတ်တည်ကြည်မှုကို ကြည့်ကြပါတယ်။ အရပ်ထဲမှာ၊ ရွာထဲမှာ၊ မြို့ထဲမှာ ဒီလူဟာ ဖြောင့်မတ်တည်ကြည်မှုရှိလား၊ မရှိဘူးလား။ ဒါကို ဘယ်အပေါ်မှာ ကြည့်ကြသလဲဆိုရင် ငွေကြေးကိစ္စ၊ ပစ္စည်းကိစ္စ ဒါတွေအပေါ်မှာ ကြည့်ကြပါတယ်။ ဒီလိုပဲ Code of Conduct မှာလည်း သတ်မှတ်ထားတဲ့ အချက်တွေရှိပါတယ်။ နံပါတ်တစ်အချက်က ငွေကြေးဆိုင်ရာမှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်နဲ့ ဆက်စပ်ပြီး မိသားစု၊ မိတ်ဆွေတွေအတွက် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်တာမျိုး မရှိရပါဘူး။ ဒီလိုပဲ နိုင်ငံတော်ပိုင် ပစ္စည်းတွေ၊ လွှတ်တော်ဆိုရင်လည်း လွှတ်တော်နဲ့ဆိုင်တဲ့ နေရာမှာပဲ သုံးခွင့်ရှိပါတယ်။ ပုဂ္ဂလိက အကျိုး အမြတ်အတွက် သုံးတာတွေ ရှောင်ရမယ်။ ဒါတွေလုပ်တာဟာ ဖြောင့်မတ်တည်ကြည်မှု ဆိုတဲ့အချက်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။

 

ဒီလိုပဲ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး မိသားစု၊ မိတ်ဆွေတွေ၊ နှီးနွှယ်ဆက်စပ်သူတွေ အတွက် အထူးအခွင့်အရေး ခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးခွင့် မရှိပါဘူး။ ပြီးတော့ ဥပဒေပြု ရေးလုပ်ငန်းတွေ ဒါမှမဟုတ် ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေရေးကိစ္စလိုမျိုးမှာ အကျိုးရှိစေ ချင်တဲ့သူတွေအတွက် ရည်ရွယ်လုပ်တာမျိုး၊ တံစိုးလက်ဆောင် လက်ခံတာမျိုး ဒါမျိုးတွေကို လည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

 

မျှော်မှန်းပြီးတော့လည်း တာဝန်နဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုလို့ မရပါဘူး။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ဒါခေါ်တဲ့ ကိစ္စတွေ မှန်မှန်ကန်ကန် ဖြစ်အောင် စောင့်ထိန်းကြည့်ရှုရမှာ ဖြစ်ပါတယ်။ 

 

နောက်တစ်ခုက လျှို့ဝှက်ထိန်းသိမ်းရမယ့် ကိစ္စတွေရှိပါတယ်။ လွှတ်တော်ထဲမှာ သဘောထား ဆန္ဒခံယူ ဆွေးနွေးဆုံးဖြတ်တာမျိုး မလုပ်ရသေးတဲ့ ကိစ္စတွေကို ပြင်ပကို မပေါက်ကြားအောင် ထိန်းသိမ်းဆောင်ရွက်ရမှာပါ။ ငွေကြေးဆိုင်ရာကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ ကိုယ့်ဘက်က၊ ကိုယ့်ကြောင့် နှောင့်နှေးကြန့် ကြာမှုမရှိစေဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ 

 

နောက်ထပ် သတ်မှတ်ထားတာကတော့ ဘယ်နည်းနဲ့မှ တံစိုးလက်ဆောင်ယူတာမျိုး မဖြစ်ရပါဘူး။ ကိုယ့်ရဲ့အကျိုးစီးပွားနဲ့ ဆက်နွှယ်ပြီး တံစိုးလက်ဆောင် ပေးတာ၊ ယူတာ ဒါတွေကို ရှောင်ရမယ်။ ဒါက အကျင့်စာရိတ္တနဲ့ ပတ်သက်တာတွေပါ။

 

အခြေခံမူ ခြောက်ချက်ထဲက တာဝန်ယူမှု ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ဒေါ်နန်းထွေး သူက ဆက်ပြီးရှင်းပြမှာ ဖြစ်ပါတယ်။

 

ဒေါ်နန်းထွေးသူ။ ။ တာဝန်ယူမှုနဲ့ ပတ်သက် ပြီး အခြေခံမူမှာ ပါရှိတာ အချက် ၁၀ ချက်ရှိပါတယ်။ တာဝန်ယူမှုဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အင်မတန်အရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ ဒီလိုတာဝန်ယူမှုရှိခြင်းဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတာလည်း ဖြစ်ပါတယ်။ 

 

နံပါတ်တစ်က အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုနဲ့ ဝတ်စားဆင်ယင်မှုတွေပါ။ ကိုယ့်ရဲ့ ကိုယ်စားပြုမှုကို လေးစားတဲ့အနေနဲ့ လျော်ညီစွာ ဂုဏ်သိက္ခာရှိအောင် နေထိုင်ရမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ လွှတ်တော်အတွင်းမှာ အဆိုတွေ တင်မယ်၊ မေးခွန်းတွေ မေးမယ်၊ ဆွေးနွေးကြမယ်၊ ဆန္ဒမဲပေးပြီး ဆုံးဖြတ်ကြမယ်၊ ဒီလိုဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တိုင်းအတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီက တာဝန်ယူမှု ရှိရမှာဖြစ်ပါတယ်။ ဒီလို တာဝန်ယူဆောင်ရွက်ပေးလိုတဲ့ စိတ်ဆန္ဒလည်း ရှိရမှာ ဖြစ်ပါတယ်။ ရှိဖို့လည်း လိုပါတယ်။

 

နံပါတ်သုံးအချက်အနေနဲ့ လွှတ်တော်အတွင်းမှာ မေးခွန်းမေးမြန်းမှုတွေ၊ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ရိုးသားစွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိမ်လည်လှည့်ဖြား ဆောင်ရွက်တာမျိုး ရှောင်ရမှာဖြစ်ပါတယ်။ နံပါတ်လေးအချက်က လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး အလဲအလှယ်သဘောနဲ့ တန်ဖိုးရှိရှိ၊ မရှိရှိပါ၊ ပြီးတော့ နစ်နာကြေးသဘောမျိုး ကမ်းလှမ်းတာမျိုးတွေ ဒါတွေကို လက်ခံခြင်း မပြုဖို့ဖြစ်ပါတယ်။

 

နံပါတ်ငါးအချက်က လွှတ်တော်ခွင့်ခံစားခြင်းပါ။ ဒီလို ခွင့်ခံစားရာမှာလည်း ရိုးသားမှုရှိဖို့ပါ၊ စည်းမျဉ်းစည်းကမ်း၊ စနစ်တွေကို အလွဲသုံးမှု မပြုကြဖို့ပါ။ အခွင့်အရေးယူတဲ့ ပုံစံမျိုး မဖြစ်ဖို့ပါ။ နံပါတ်ခြောက်က အချိန်နဲ့ လုပ်အားကို ရာနှုန်းပြည့် စိုက်ထုတ်လုပ်ဆောင်ဖို့ပါ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ငန်းတာဝန်ထမ်း ဆောင်မှုကို ထိခိုက်စေနိုင်တဲ့ ပြင်ပလုပ်ငန်းတွေ လုပ်ကိုင်တာမျိုးကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 

 

နံပါတ်ခုနစ်အချက်က ပရဟိတအသင်း အဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မူရင်းတာဝန်တွေကို ပျက်ကွက်ပြီးတော့ လုပ်ဆောင်တာမျိုးမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နံပါတ်ရှစ်အချက်က မဲဆန္ဒနယ်မြေအတွင်းမှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့အခါ လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတာ၊ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားရမှာ ဖြစ်ပါတယ်။

 

နံပါတ်ကိုးအချက်က ပြည်တွေရဲ့ တိုင်ကြားမှုတွေ၊ နစ်နာမှုတွေ၊ ပြည်သူတွေရဲ့ အကြံပေးမှု တွေကို စနစ်တကျ မှတ်တမ်းတင်ဖို့ပါ။ မှတ်တမ်းတင်ထားပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်တာ၊ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်ပြီးတော့ အစီရင်ခံတင်ပြတဲ့ စနစ်တစ်ခုထားရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံး နံပါတ် ၁၀ ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပေးပို့စာတွေနဲ့ ပတ်သက်ပြီး သင့်လျော်တဲ့ အချိန်ကာလအတွင်းမှာ ပေးပို့တဲ့ ပြည်သူတွေထံ ကောင်းမွန်စွာ အကြောင်းပြန် ကြားပေးရမှာဖြစ်ပါတယ်။

 

ဒေါက်တာစောနိုင်။ ။အခြေခံမူ ခြောက်ချက် ထဲမှာ တာဝန်ယူမှုအပြင် တာဝန်ခံမှုလည်း ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မဲဆန္ဒနယ်တွေရဲ့ အလေးထားအပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေရှိပါတယ်။ ကိုယ့်မဲဆန္ဒနယ် ဖွံ့ဖြိုးဖို့ စီမံကိန်းတွေအတွက် ဘဏ္ဍာငွေတွေ တင်ပြတောင်းခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ တွေအတွက်လိုအပ်တဲ့ အပိုင်းတွေ၊ လွှတ်တော်မှာ အဆိုတင်သွင်းတာ၊ မေးခွန်းတွေ မေးမြန်းပေးတာ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးတာတွေကိုလည်း တာဝန်ခံပြီး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

 

အခြေခံမူရဲ့ နောက်တစ်ချက်က ပွင့်လင်းမြင်သာမှုကလည်း လွှတ်တော်ကိုယ်စားလှယ် တွေအတွက် အင်မတန် အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ၊ ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာ ကိုယ့်ရဲ့ ဆောင်ရွက်မှုတွေဟာ ရှင်းရှင်းလင်းလင်းနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်ပါတယ်။ နောက်ထပ် အခြေခံမူတစ်ခုက မျှတမှုပါ။ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့ မျှတစွာ ဆောင်ရွက်တတ်မှုတွေဟာ လွှတ်တော်ကိုယ်စားလှယ်အတွက်သာမက ပြည်သူတွေ အတွက်လည်း အရေးကြီးပါတယ်။ ဒီလိုမျှတဖို့အတွက် လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊ အမျိုးသား၊ အမျိုးသမီး ဒါတွေအပေါ်မှာ ခွဲခြားမှု မရှိဘဲ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ 

 

နောက်ဆုံးအချက်ကိုလည်း တစ်ဆက်တည်း ဆွေးနွေးချင်ပါတယ်။ အားလုံးပါဝင်နိုင်မှုပါ။ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေ၊ လွှတ်တော်ရဲ့ ရည်မှန်းချက်တွေနဲ့ မဆန့်ကျင်ဘူးဆိုရင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ အန်ဂျီအိုအဖွဲ့တွေ ဒီလိုအဖွဲ့အစည်း တွေရဲ့ ပါဝင်မှုတွေကို စိတ်အားထက်သန်စွာ ကြိုဆိုပေးရမှာဖြစ်ပါတယ်။ အတူတကွ လက်တွဲ ပါဝင်နိုင်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါတွေက အခြေခံမူတွေပါ။ 

 

ဒေါက်တာလှမိုး။ ။ အခန်းငါးခန်း ပါရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ကျင့်ဝတ်မှာ နောက်ဆုံးအခန်းငါးမှာ ဖော်ပြထားတဲ့ ကတိကဝတ်အပိုင်းကို ဆွေးနွေးချင် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ Vision ၊ Mission တွေကိုလည်း ပြောပြပြီးသွားပါပြီ။ ကျင့်ဝတ်ကို ဘာကြောင့်ရေးဆွဲတယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခြေခံမူတွေကိုလည်း ပြောပြခဲ့ကြပါတယ်။ ကျင့်ဝတ်က အရေးကြီး ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလို ထူထောင်ရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မဲဆန္ဒရှင် ပြည်သူတွေနဲ့၊ အစိုးရအဖွဲ့နဲ့၊ တရားစီရင်ရေးကဏ္ဍတွေအကြားမှာ အပြန်အလှန် ထိန်းကျောင်းမှုအနေနဲ့ ဒီကျင့်ဝတ်တွေ လိုက်နာဆောင်ရွက်နေပါတယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာ ယုံကြည်မှု တိုးပွားစေပါတယ်။ 

 

ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာ ယုံကြည်မှု တိုးပွားလာမှ လွှတ်တော်အပေါ်မှာ ယုံကြည်မှု တိုးပွားလာမှာ ဖြစ်ပါတယ်။ လွှတ်တော်အပေါ်မှာ ယုံကြည်မှုတိုးပွားလာမှ ဒီမိုကရေစီ စနစ်က ပိုပြီးခိုင်မာလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျင့်ဝတ်က အရေးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။ ဒီအတွက် ကြိုးစားပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရေးဆွဲထားတယ်ဆိုတာက လည်း မူကြမ်းအဆင့်ပဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်က ရေးဆွဲခဲ့တယ်။ ရေးဆွဲခဲ့တဲ့ ဒီမူကြမ်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ ပေးပို့တင်ပြရမှာ ဖြစ်ပါတယ်။ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြပြီး အားလုံးသဘော တူညီပြီဆိုမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေနဲ့လည်း ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။ အားလုံးပြီးစီးသွားပြီး သဘောညီမျှတဲ့ ကျင့်ဝတ်တစ်ခုထွက်လာပြီဆိုမှ တရားဝင်စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီကျင့်ဝတ် ဘယ်အချိန်မှာ စတင်အသက်ဝင်မှာလဲဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး အားလုံး သဘောတူညီချက်ရပြီးမှ အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီလို အသက်ဝင်ပြီးသွားပြီဆိုရင်လည်း ဘယ်အချိန်မှာ အကျုံးဝင်သလဲဆိုရင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာ ပြုပြီးတဲ့ အချိန်ကနေစပြီး လိုက်နာကြရမယ့် ကျင့်ဝတ်ဖြစ်ပါတယ်။ ဒီမူကြမ်းကို အဆင့်ဆင့် ဆောင်ရွက်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမကုန်ခင်မှာ ဖော်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ 

အားလုံးကို ကျေးဇူးတင်ပါတယ်။ 

 

ဒေါက်တာ လှမိုး
ရှင်မင်း၊ ဓာတ်ပုံ-ကေကေ