လှူဒါန်းမှုတွင်ကျန်ခဲ့သော ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်က စားနပ်ရိက္ခာများ ထပ်မံကူညီထောက်ပံ့မည်

ကိုလင်း


 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာ့ရုပ်ရှင်လောကရှိ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များအား လိုအပ်မည့် စားနပ်ရိက္ခာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ပေးအပ်လှူဒါန်းလျက်ရှိရာ လက်ရှိအချိန်အထိ လှူဒါန်းပြီးသည့်အထဲတွင် မပါဝင်ဘဲ ကျန်ရှိနေခဲ့သေးသော အနုပညာရှင်အချို့အတွက်လည်း ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို) အတွင်းရေးမှူး(၂) ဦးဝင်းမြိုင်က “အခုအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူတိုင်းနီးပါးက အပြင်ကိုထွက်ဖို့ ကြောက်နေကြတာပါ၊ အထူးသဖြင့်တော့ ကျွန်တော်တို့ အနုပညာလောကရဲ့ အောက်ခြေကလူတွေဆို ကျန်းမာရေးချို့တဲ့သူတွေများတော့ အပြင်ထွက်ဖို့ သိပ်မလွယ်ဘူး၊ ပထမတုန်းက တပ်မတော်က ကျွန်တော်တို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာအချို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ် ကူညီကြပါတယ်၊ တချို့တစ်ဝက်ကတော့ ကျန်နေသေးတယ်၊ ဒါကလည်း သူတို့မှာ တခြားအကြောင်းလေးတွေရှိနေလို့ အခုလာမပေးနိုင်သေးတာပါ၊ လာရောက်ကူညီဖို့လည်း ပြင်ဆင်နေကြပါပြီ” ဟု ပြောသည်။


ဇာတ်ပို့ဇာတ်ရံ ရုပ်ရှင်သရုပ်ဆောင်များထံသို့ စားသောက်ကုန်များ အိမ်အရောက် လှူဒါန်းရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် ပတ်သက်၍ ဦးဝင်းမြိုင်က “တိုင်းစစ်ဌာနချုပ်ကပေးမယ့် စားနပ်ရိက္ခာတွေကို ဥပမာ လှိုင်သာယာမြို့နယ်ကို သွားပေးမယ်ဆိုရင် အဲဒီမှာ ဘယ်သူတွေ နေတယ်ဆိုတာကို ဦးက စာရင်း တွေ ပေးထားပြီးသားပါ၊ အဲဒီမှာ အခက်အခဲက အိမ်ပိုင်မရှိတဲ့သူတွေက လိပ်စာ အပြောင်းအလဲတွေ ရှိတယ်။ ဖုန်းအဆက်အသွယ် လုပ်ရတဲ့အခါမှာလည်း ပြဿနာရှိတယ်။ အချို့က အရင်ကိုင်တဲ့ဖုန်းတွေက ပြောင်းသွားတာတွေ ရှိကြတယ်။ ဒီအခါ တပ်မတော်ဘက်ကလည်း ချက်ချင်းလိုက်ဝေဖို့ဆိုတာ သိပ်ပြီးမလွယ်ဘူးလေ။ လူစုလူဝေးမဖြစ်အောင်လည်း အခုအချိန်မှာက သတိထားနေရတာဆိုတော့ လိုက်ပို့တဲ့အခါမှာ တစ်နေ့တစ်နေ့ ခြောက်အိမ်၊ ခုနစ်အိမ်လောက်ပဲ ပို့နိုင်တယ်လေ၊ အဲဒီတော့ မရသေးတဲ့သူတွေ ကျန်နေတာပါ။ ဦးကတော့ ပြောထားပါတယ် ရောက်လာမှာပါလို့။ တိုင်းစစ်ဌာနချုပ်ကလည်း ဇာတ်ပို့ ဇာတ်ရံတွေ အားလုံးကို ဝေမယ်လို့ ပြောထားပါတယ်” ဟု ဆက်ပြော သည်။


လိပ်စာနှင့် ဖုန်းနံပါတ် ပြောင်းသွားသော ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များအနေဖြင့် ထောက်ပံ့လှူဒါန်းမည့် အစီအစဉ်များကို သိရှိနိုင်ရန်အတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်၌ ဖွင့်လှစ်ထားသော ဇာတ်ပို့ ဇာတ်ရံ စာမျက်နှာ ကို follow လုပ်ထားကြပြီး အမြဲဝင်ရောက် ကြည့်ရှုကြစေလိုကြောင်းနှင့် ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်များအား ရန်ကုန်တိုင်း စစ်ဌာနချုပ်က လှူဒါန်းသည့်အပြင် ရုပ်ရှင်အစည်းအရုံး အနေဖြင့်လည်း ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများအား ကူညီထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ လက်ရှိအချိန်အထိ ဆန်၊ ဆီများ ဝေမျှပေးထားပြီးသည်များ ရှိသလို အခက်အခဲပြီးဆုံးချိန်အထိ ထပ်မံကူညီသွားရန်လည်း ဆွေးနွေးတိုင်ပင်မှုများပြုလုပ်နေကြောင်း သိရသည်။