လူ့လောကပဋိပက္ခအကျပ်အတည်း သို့မဟုတ် ကိုဗစ် - ၁၉ ရောဂါစစ်ပွဲကြီး

 

ထွန်းသစ်စ

 

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဒုတိယကမ္ဘာစစ်ကာလ နောက်ပိုင်း လူသားတွေအဆိုးရွားဆုံး ခံစားရတဲ့ လူ့လောကပဋိပက္ခအကျပ် အတည်းတစ်ခုအဖြစ် စိတ်မကောင်းဖွယ်ရာ တင်စားခဲ့တဲ့ ကိုဗစ်-၁၉ ကို သတိနဲ့ ရင်ဆိုင်တားဆီးနေတဲ့နေရာမှာ အီးယူနိုင်ငံအတော်များများကတော့ သူတို့ရဲ့ နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါဟာ တရုတ်မှာ ထပ်မံကူးစက်ခဲ့သလို အမေရိကန်နိုင်ငံမှာလည်း သူ့ကြောင့်ပဲ သေဆုံးမှုနှုန်းတွေ တိုးလာခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်လို့ စီးပွားရေးကျဆင်းမှုဟာ မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှု၊ ပဋိပက္ခဖြစ်မှုစတဲ့ ပြဿနာတွေကိုဖြစ်စေသလို ဒါဟာ ဒုတိယ ကမ္ဘာစစ်ကနေ အခုအချိန်အထိ အခက်ခဲဆုံးစိန်ခေါ်မှု ပြဿနာရပ်ပါပဲလို့ ဂူတာရက်စ်က ပြောကြားထားတာလည်းရှိပါတယ်။

သန်း ၂၀ ကျော်ကူးစက်ပျံ့နှံ့

ကိုဗစ်-၁၉ ရောဂါဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူပေါင်းသန်း ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံက စတင်လာတဲ့ ဒီရောဂါကြောင့် သေဆုံးသူတွေဟာလည်း ခုနစ်သိန်းကျော်လာပြီလို့ သတင်းတွေမှာဖော်ပြထားပါတယ်။

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုဟာ လက်တင်အမေရိကနဲ့ မြေထဲပင်လယ် ဒေသတွေမှာ တိုးလာနေပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် သေဆုံး မှုနှုန်း အများဆုံးဖြစ်ပွားခဲ့တဲ့ နိုင်ငံကတော့ ဘရာဇီးနိုင်ငံ ဖြစ်လာပါတယ်။ ဘရာဇီးနိုင်ငံဟာ ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုနှုန်းနဲ့ ကူးစက်မှုနှုန်းမှာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အီရန်၊ အိန္ဒိယနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေမှာလည်း ကိုဗစ်-၁၉ ကူးစက် ခံရမှုတွေနဲ့အတူ သေဆုံးမှုတွေလည်း ထပ်မံတိုးလာပါတယ်။ ကိုဗစ်-၁၉ ဟာ ကာလရှည်ကြာဖြစ်ပွားလာတဲ့ ရောဂါစစ်ပွဲကြီးတစ်ခုအသွင် ဆောင်လာတဲ့ အတွက်ကြောင့် ကမ္ဘာကြီးအနေနဲ့လည်း ဇွဲကောင်းကောင်းနဲ့ ခုခံနေရဦးမှာ ဖြစ်သလို စိုးရိမ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ရှစ်လကျော်ကြာလာပြီ

ကိုဗစ်-၁၉ စတင်ဖြစ်ပွားလာချိန်ကတည်းကနေ အခုအချိန်အထိ ရှစ်လ ကျော်ကြာခဲ့ပါပြီ။ သို့သော်လည်းပဲ စိတ်ချရတဲ့အခြေအနေမရှိသေးဘဲ သတိနဲ့ နေထိုင်နေရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုဟာ ဥရောပနိုင်ငံတွေမှာ ကျဆင်းလာမှုနဲ့အတူ အစိုးရတွေကလည်း ကန့်သတ်ပိတ်ဆို့မှုတွေအပေါ် ဖြေလျှော့မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ယိုယွင်းနေတဲ့ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကတော့ လွယ်လွယ်နဲ့ ပြန်လည်ထူထောင်လာမယ့် အခြေအနေမရှိသေးပါဘူး။ အချိန်ယူရဦးမှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂရိနိုင်ငံတွေလည်း တခြားအီးယူနိုင်ငံ တွေနည်းတူ နယ်စပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ စပိန်နိုင်ငံ မှာဆိုရင် ဂျာမနီခရီးသွားတွေဟာ ဘဲလီယာရစ်ကျွန်းတွေကို အစပျိုးခရီးစဉ် အနေနဲ့ သွားရောက်ခဲ့ကြပါတယ်။

ဘရပ်ဆဲလ် ဇာဗန်တင်လေဆိပ်မှာလည်း ခရီးသွားတွေ ရှိနေပါတယ်။ အဲဒီခရီးသွားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျွိုင်းကာမယ်ဆိုတဲ့ ကျောင်းသား တစ်ယောက်ဟာ ပြင်သစ်မှာရှိတဲ့ သူ့အဖေဆီကိုသွားဖို့ လေယာဉ်ထွက်ခွာမှာကို စောင့်ဆိုင်းနေပါတယ်။ အဖေနဲ့မတွေ့ရတာ ငါးလလောက်ရှိပြီ။ စာမေးပွဲဖြေဆို မှုလည်း မပြီးပြတ်သေးပါဘူး။ ဒါပေမယ့် အဲဒါတွေကို အွန်လိုင်းကဖြေလိုက် တယ်။ အကျိုးတော့ အများသားပဲလို့ သူက ပြောလိုက်ပါတယ်။

မတ်လကတည်းက အထီးကျန်ခဲ့တဲ့ အင်္ဂလန်မှာရှိတဲ့ ဈေးဆိုင်တွေ၊ ပြင်ပဆွဲဆောင်စရာတွေဟာ အခုဆိုရင် သူတို့ရဲ့ ပထမဆုံး ဖောက်သည်တွေကို ကြိုဆိုနေကြပြီဖြစ်ပါတယ်။ ဥရောပမှာတော့ ဗြိတိန်ဟာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ စီးပွားရေးကျဆင်းမှုတွေလည်း ဖြစ်နေပြီး အလုပ်ပြန်လည် ရရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။

ပါရီမြို့မှာလည်း ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို သုံးလကြာ ကန့်သတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီးနောက်မှာ အခုတော့ အားအင်အပြည့်နဲ့ လုပ်ငန်းတွေ ပြန်လည်စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ မေးခွန်းထုတ်ရမှာတော့ ဒီလိုအခြေအနေတွေမှာ ဖောက်သည်တွေက လာရောက် ကြမှာလားဆိုတာပဲ ဖြစ်ပါတယ်လို့ ပါရီမြို့လယ်မှာရှိတဲ့ လာအေမီဂျော့ဂ်ျဆိုင်က မန်နေဂျာတစ်ဦးဖြစ်တဲ့ အဲဘတ်အိုင်ဒန်က ပြောပါတယ်။

စိုးရိမ်ဖွယ် ဒုတိယလှိုင်း ကျန်ရှိနေ

ဒါပေမယ့် ကိုဗစ်- ၁၉ စိုးရိမ်ဖွယ် ဒုတိယလှိုင်းကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ထပ်မံကူးစက်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းက ကိုဗစ်- ၁၉ ဒုတိယလှိုင်းဂယက်ကို ပိုပြီးကျိန်းသေသလို ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ကိုဗစ်-၁၉ ကူးစက်မှုအသစ်ထပ်မံတွေ့ရှိခဲ့တာနဲ့အညီ ထပ်မံပျံ့နှံ့မှု မဖြစ်ပွားအောင် မြို့တော်ပေကျင်းရဲ့ နေရာ အချို့ကို အသွားအလာကန့်သတ်ပိတ်ဆို့လိုက်ပါတယ်။ ထို့အတူပဲ တခြား နိုင်ငံတွေလည်း ကိုဗစ်-၁၉ ဒုတိယလှိုင်းဂယက်ကို စိုးရိမ်ထိတ်လန့်နေ ကြပါတယ်။ ကိုဗစ်-၁၉ ဟာ အတော်ဆိုးတဲ့ ရောဂါဆိုးကြီးဖြစ်တဲ့အတွက် ဘယ်တိုင်း ဘယ်နိုင်ငံကမှ သူ့ကို စိတ်အေးအေးနဲ့ စောင့်ကြည့်နေတဲ့ အထဲမှာ မပါပါဘူး။ ထပ်မံ မပြန့်ပွားအောင်၊ မကူးစက်အောင် အစွမ်းကုန်လုပ်ဆောင် နေကြပါတယ်။

ကိုဗစ်-၁၉ အကျပ်အတည်းဟာ လူ့အသက်ပေါင်းများစွာကို ခြိမ်းခြောက် လျက်ရှိပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ယိမ်းယိုင်စေပါတယ်။ သူ့ကို ထိရောက် စွာ ကာကွယ်ဟန့်တားနိုင်ပြီလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ပိုဆိုး တာက ကမ္ဘာ့တချို့နေရာတွေမှာ ကူးစက်မှုတွေ ပြန်ဖြစ်နေတာပဲဖြစ်ပါတယ်။

လက်တင်အမေရိကမှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့သတင်း တွေဟာ စီးပွားရေးယိုယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စိတ်မကောင်း ဖွယ်ရာ ကြားသိရပါတယ်။ ပီရူးနိုင်ငံမှာ စီးပွားရေးကျဆင်းမှုတွေဖြစ်နေ သလို ချီလီနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်အပေါ် ရှုပ်ထွေးမှုတွေဖြစ်လာပြီး ကျန်းမာရေးဝန်ကြီး နုတ်ထွက်ပြီး နှစ်ရက်အကြာ မှာ နောက်ထပ်အရေးပေါ်ကာလကို သုံးလထပ်မံ တိုးမြှင့်ခဲ့တဲ့အထိ ဖြစ်ပါ တယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ရောထွေး နေတဲ့ သတင်းတွေနဲ့အတူ အခုချိန်အထိတော့ ကမ္ဘာမှာ ကိုဗစ်-၁၉ ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့နိုင်ငံစာရင်းက အနည်းငယ်တောင် ပြောင်းလဲမှု မရှိပါဘူး။ အခုဆိုရင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေဟာ ၁၆၅၆၁၇ ဦး ကျော်လာပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတကတော့ နောက်ထပ်ကိုဗစ်-၁၉ ဒုတိယလှိုင်းဂယက် ထပ်မံပေါ်ပေါက်လာတာတောင် စီးပွားရေးပိတ်ဆို့မှုတွေ မလုပ်ဘူးလို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကိုဗစ်-၁၉ ဒဏ်ကို ခံစားခဲ့ ရတဲ့အီရန်နိုင်ငံမှာလည်း တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေထိုင်ရမယ့် တင်းကျပ် တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံမှာလည်း ကိုဗစ်-၁၉ ကို ကာကွယ်ဖို့အတွက် တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ ချမှတ် လုပ်ဆောင်လျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံက လူဦးရေ ၁၅ သန်းလောက်ရှိတဲ့ချန်နိုင်းမြို့နဲ့ အိမ်နီးချင်း ဒေသတွေမှာလည်း အသွားအလာကန့်သတ်မှုတွေကို နောက်တစ်ကြိမ် ပြန်လည် ပြဋ္ဌာန်းခဲ့ပါတယ်။ လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ ကျန်းမာရေးဆိုင်ရာစနစ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေး ထားပါတယ်။ ကိုဗစ်- ၁၉ ဟာ ယနေ့လူတွေခံစားနေရတဲ့ ဘေးဒုက္ခဆိုးကြီး တစ်ခုဖြစ်ပြီး အရှည်ကြာဆုံး ရောဂါစစ်ပွဲကြီးလို့လည်း ပြောရမလို ဖြစ်နေပါပြီ။ ။ ကိုးကား - အေအက်ဖ်ပီ

မြန်မာ့အလင်း