လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲမှု၏ အသီးအပွင့်များကို ပြည်သူများရရှိခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက် နေသည့် မွန်ပြည်နယ်

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - သဇင်

 

ထင်ရှားကျော်ကြားလှသည့် သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး အပါအဝင် တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်းဝင်နေရာများ၊ တော၊ တောင်၊ ရေ၊ မြေ သဘာဝအလှအပများ ပေါကြွယ်ဝရာ မွန်ပြည်နယ်သည် လက်ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့ စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်နယ်ကြီးတစ်ခုလုံး ကျေးလက်၊ မြို့ပြကွာဟမှုမရှိဘဲ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ဘက်စုံ၊ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေးနှစ်တာကာလ အတွင်း သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်လာမှုများကို မြင်တွေ့ကြရမည်ဖြစ်သည်။


မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက် သင့်သည့် အဓိကအရေးပါသော အခန်းကဏ္ဍ များကိုသာ စီမံကိန်းများ စနစ်တကျချမှတ်ကာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၊ ဒေသခံပြည်သူများ၊ ဒေသတွင်း လာရောက်ရင်းနှီး မြှုပ်နှံသူများ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများမှ လုပ်ငန်းရှင်များဖြင့် ညှိနှိုင်းပေါင်းစပ်ကာ အကောင်အထည် ဖော် လုပ်ဆောင်လျက်ရှိသည်။


“ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်းမှာ အတ္ထရံ မြစ်ရေတင် စီမံကိန်း၊ သထုံမြို့နယ် ဆားချောင်း တူးဖော်ရေးစီမံကိန်းနဲ့ ကျိုက်မရော-စံပယ်ဂူ တံတားစီမံကိန်း သုံးခုကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။


လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ပြည်သူများ ခရီးသွားလာမှု မြန်ဆန်ချောမွေ့စေရေး၊ ကုန်စည်ကူးသန်းသွားလာမှုလျင်မြန် စေရေးတို့အတွက်၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ် လမ်းဦးစီး ဌာနမှ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ်သန်း ၂၆၀၅၄ ဒသမ ၃၅၁ ဖြင့် ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ တင်ခြင်း၊ ကတ္တရာလမ်းခင်းခြင်း၊ ကတ္တရာ လမ်းချဲ့ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြေသား တာပေါင်များ ပြုပြင်ခြင်း၊ ကျောက်စီ မြေကာ နံရံများ ပြုလုပ်ခြင်း၊ ရေမြောင်းများ ပြုလုပ် ခြင်း၊ သံကူကွန်ကရစ်တံတား ၄၆ စင်း တည်ဆောက်ခြင်း၊ သံကူကွန်ကရစ်ရေထွက် ပေါက် ခြောက်စင်းပြုလုပ်ခြင်း၊ တံတားများ ချဲ့ခြင်း (RC + Box Culvert) ၁၇ စင်း၊ ကျိုက်ထို မြို့ရှောင်လမ်း မြေယာလျော်ကြေးငွေပေးအပ် ခြင်းနှင့် အခြားလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။


ထို့ပြင် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) မှ ဆောက်လုပ်နေသည့် ကျိုက်မရောမြို့နယ် ကျိုက်မရော - စံပယ်ဂူ- ကော့ပနောလမ်းပေါ်၌ အရှည် ၆၄၄ ဒသမ ၁ မီတာရှိ အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတား တည်ဆောက်ရေး စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းအတွင်း ပြီးစီးရန် လျာထားဆောက်လုပ်လျက်ရှိသည်။


“ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ကွန်ကရစ်၊ ကတ္တရာခင်းခြင်း၊ ကတ္တရာလမ်းချဲ့ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနဲ့ ကတ္တရာထပ်ပိုးလွှာ တင်ခြင်းအပြင် သံကူကွန်ကရစ်တံတားတွေ တည်ဆောက်ခြင်းနဲ့ သံကူကွန်ကရစ် ရေထွက်ပေါက်တွေ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေပါတယ်။ ထို့ပြင် အဓိကကျတဲ့ ကျိုက်မရောမြို့နယ် ကျိုက်မရော - စံပယ်ဂူ- ကော့ပနောလမ်းပေါ်မှာ အရှည် ၆၄၄ ဒသမ ၁ မီတာရှိ အတ္ထရံမြစ်ကူး (စံပယ်ဂူ)တံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ယခု တံတားတစ်စင်းလုံးရဲ့ ၇၆ ဒသမ ၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။


စွမ်းအင်ကဏ္ဍ

ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရန်နှင့် ဒေသခံပြည်သူ များ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား လာစေရန် လျှပ်စစ်စွမ်းအင်ကဏ္ဍသည် အရေးပါသည့်ကဏ္ဍတစ်ခုအဖြစ် ပါဝင် နေသည်ဖြစ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသတွင်းပြည်သူများထံသို့ လျှပ်စစ်မီးလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် စွမ်းအင်ကဏ္ဍ အနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ငွေကျပ်သန်း ၁၀၉၉၄ ဒသမ ၅၅ ဖြင့် ၁၁ ကေဗွီ ဓာတ်အား လိုင်း ၈၆ ဒသမ ၁၂ မိုင်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၂၉ ဒသမ ၄၃ မိုင်နှင့် ၁၁ /၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံ ၁၃၈ ရုံ၊ အစားထိုးဓာတ်အားလိုင်း များအဖြစ် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၆၈ မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၂ ဒသမ ၁ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၃ ဒသမ ၈၈ မိုင်နှင့် ကျေးရွာ ပေါင်း ၃၀ ရှိ အိမ်ထောင်စုပေါင်း ၄၅၂၃ စုကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက် လျာထားဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၂၅၃၉ ဒသမ ၈၈၆ သန်း သုံးစွဲကာ ပေါင်မြို့နယ် အုန်းတစ်ပင်ကျေးရွာ အုပ်စု ဆင်ရွာကျေးရွာတွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၆ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံကို တည်ဆောက်လျက်ရှိသည်။ အဆိုပါ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက ဓာတ်အားဖြန့်ဖြူးပေးထားသော ကျေးရွာ ၃၄ ရွာရှိ အိမ်ထောင်စုပေါင်း ၅၈၂၅ စုမှ ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်မည်ဖြစ်သည်။


ထို့ပြင် ဂျပန်နိုင်ငံ JICA – ODA ချေးငွေ Phase II ဖြင့် ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီး ကျေးရွာတွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂၀ ဒသမ ၅ မိုင်နှင့် ၃၃ /၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်၍ ကျေးရွာ ပေါင်း ၁၇ ရွာရှိ အိမ်ထောင်စုပေါင်း ၁၈၁၄ စုကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အထူးသဖြင့် မွန်ပြည်နယ်အတွင်းရှိ ဓာတ်အားဖြန့်ဖြူးနိုင်ခြင်း မရှိသေးသည့် ရေးမြို့နယ်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း မီးလင်းပြီး ကျေးရွာပေါင်း ၈၃၃ ရွာရှိပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြီးစီးပါက မီးလင်းမည့်ကျေးရွာပေါင်း ၉၀၉ ရွာ ဖြစ်လာမည်ဖြစ်သည့်အတွက် ကျေးရွာ ပေါင်း ၇၆ ရွာကို ဓာတ်အားတိုးတက်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်သည်။


စိုက်ပျိုးရေးကဏ္ဍ

စိုက်ပျိုးရေးကဏ္ဍ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးနစ်မြုပ်ပျက်စီး သွားသော လယ်ယာမြေများ အချိန်မီပြန်လည်စိုက်ပျိုးနိုင် ရေးအတွက် မွန်ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ လက်တွန်းထွန်စက်အစီး ၅၀ အခမဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ ရေကြီးနစ်မြုပ် လယ်ယာမြေ ၄၃၂ ဒသမ ၅ ဧကကို ကောက်စိုက်စက်များဖြင့် ကူညီဆောင်ရွက် ပေးခြင်း၊ လယ်ယာမြေ ၅၈၈ ဧကကို အဆင့် မြှင့်တင်ဖော်ထုတ်ခြင်းနှင့် မြေညှိခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် တောင်သူလယ်သမားများကို လယ်ယာသုံး စက်ကိရိယာ များ လက်ငင်း၊ အရစ်ကျစနစ်ဖြင့် ထွန်စက်ကြီး ခြောက်စီး၊ လက်တွန်းထွန်စက် ၂၈ စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် တစ်စီး စုစုပေါင်း ၃၅ စီးကို ရောင်းချပေးခြင်းနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့သည်။


ထို့ပြင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းစေရန်နှင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေနုတ် မြောင်း၊ ချောင်းကော ၁၆ ခုကို တူးဖော်ခြင်း၊ ရေငန်တားတမံ သုံးခုကို ပြုပြင်ထိန်းသိမ်း တည်ဆောက်ပေးခြင်း၊ ရေတံခါး လေးခု ပြုပြင် တည်ဆောက်ပေးခြင်း၊ ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ် ငါးခုကို ပြုပြင် ထိန်းသိမ်းပေးခြင်း၊ နုန်းတားတာတမံ ၂၉ ခု တည်ဆောက်ခြင်း၊ ချောင်းပိတ်၊ မြောင်းပိတ် လုပ်ငန်း ၄၄ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ သည်။


“သထုံမြို့နယ်မှာ ခေတ်အဆက်ဆက် တိမ်ကောနေတဲ့ သထုံဆားချောင်းတူးဖော်ရေးကို သထုံမြို့နယ်ရဲ့ ဆန်စပါး စိုက်ပျိုးဧက ၈၀၀၀၀ ကျော်ကို အကျိုးပြုမယ့် အရှည် ၂၄ ဒသမ ၃၃ မိုင်ကို ဘီးလင်းမြစ်ကနေ ပေါင် မြို့နယ် ရေးမြစ်အထိ တူးဖော်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

 

ပညာရေးကဏ္ဍ
ပညာရေးကဏ္ဍအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်တက္ကသိုလ်၌ မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့သော မနော်ဟရီရေထိန်းတံခါး၏ ဘယ်ဘက်အခြမ်း ဂဝံမြေများပြန်ဖို့၍ သိပ်သည်းအောင် ဆောင်ရွက်ခြင်း၊ ရေကျော်မှုမဖြစ်စေရန် ရေကျော်ပေါက် (Case Way) တစ်ခုကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၄၆ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်ခြင်း၊ နည်းပညာတက္ကသိုလ်တွင် ပင်မသုံးထပ် ဆောင် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ Transformer တပ်ဆင်ခြင်းလုပ်ငန်း၊ ဘွဲ့နှင်း သဘင် မျက်နှာကြက်ပြုပြင်ခြင်း လုပ်ငန်း၊ ကျောင်းဝင်းခြံစည်းရိုး (၁၂၀၀ x ၇ ပေ) RC တိုင်ပြုလုပ်ခြင်း၊ လူဦးရေ ၁၆၀ ဆံ့ ကျောင်းသားဆောင် ဆောက်လုပ်ခြင်း၊ ရုံးသုံး စက်ကိရိယာများ ဝယ်ယူခြင်း၊ အခြားရုံးသုံး ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။


မွန်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ဘာသာ စကား ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဓလေ့ထုံးစံများ မပျောက် ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသား စာပေသင်ကြားသည့် နေ့စား၊ လပေး ဆရာ၊ ဆရာမများနှင့် Language Teacher ခန့်အပ်နိုင်ရေးအတွက် လျှောက်လွှာ များ ခေါ်ယူခြင်းနှင့် စိစစ်ဆောင်ရွက်ခဲ့ခြင်း၊ မူလတန်း တိုင်းရင်းသားကလေးငယ်များ အတွက် တိုင်းရင်းသားဘာသာနှင့် မြန်မာ ဘာသာနှစ်မျိုးဖြင့် ရေးသားပြုစုထားသည့် သင်ထောက်ကူ တိုင်းရင်းသား ပုံပြ - ပုံပြင် စာအုပ်များကို ပညာသင်နှစ် သုံးနှစ်စာ အတွက် ပုံနှိပ်ထုတ်ဝေထားပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ထပ်မံဖြန့်ဝေနိုင်ရေး လျာထားဆောင်ရွက်ခြင်း၊ တိုင်းရင်းသား ဘာသာဒေသသင်ရိုးနှင့် ပညာရေးဝန်ကြီး ဌာနမှ အသိအမှတ်ပြုထားသော တိုင်းရင်းသား ဘာသာစာပေ ပုံနှိပ်စာအုပ်များ ထုတ်ဝေ နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။


“အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိစေရေး၊ နိုင်ငံသားတိုင်း အခြေခံ ပညာအဆင့် လက်လှမ်းမီစေရေးနဲ့ မြို့ပြ ကျေးလက် ပညာရေးတန်းတူညီမျှရှိစေရေး အတွက် အခြေခံပညာကျောင်းစုစုပေါင်း ၉၂ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။  တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန လေးခုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ ကျောင်းအဆောက်အအုံ ၁၄၉ ကျောင်း ဆောက်လုပ် လျက်ရှိပြီး တက္ကသိုလ်များမှ စာသင်ဆောင်တွေ၊ ဆရာ၊ ဆရာမအိမ်ရာတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် အိပ်ဆောင်တွေ၊ ထမင်းစားဆောင်တွေ တိုးချဲ့ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်နယ်အတွင်းမှာ Tourism နဲ့ပတ်သက်တဲ့ ကောလိပ်တစ်ခုကို မွန်ပြည်နယ်မှာ ထပ်မံ ဆောက်လုပ်နေကြောင်း တင်ပြလိုပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။


ကျန်းမာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍအနေဖြင့် စုစုပေါင်း ငွေကျပ် ၁၆၉၄ ဒသမ ၂၅၃ ကုန်ကျခံကာ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ များတွင် အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း ၁၂ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်း ၁၄ ခု၊ မော်လမြိုင်မြို့နယ်တွင် အမျိုး သမီးနှင့် ကလေးဆေးရုံကြီး ပင်မဆောင် အကြီးစားပြင်ဆင်မွမ်းမံခြင်း၊ ကျိုက်မရော မြို့နယ် ဆေးရုံ၊ ချောင်းဆုံမုရစ်ကလေး တိုက်နယ်ဆေးရုံ၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ကျောက်ညှပ်တိုက်နယ်ဆေးရုံများ တိုးချဲ့ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။


ကျေးလက်လမ်းဖွံ့ဖြိုးရေးကဏ္ဍ
မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးကဏ္ဍ၌ ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ကျေးလက် ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်း အထောက် အကူဖြစ်စေရေး၊ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာ များ၏ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေး သွားလာ နိုင်သော ကတ္တရာလမ်းများအဖြစ် နှစ်စဉ် အဆင့်မြှင့်တင်ဆောင်ရွက်ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း စုစုပေါင်း ၈ မိုင် ၄ ဒသမ ၄၇ ဖာလုံ၊ ကွန်ကရစ် တံတားလေးစင်းနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကတ္တရာလမ်း ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ ဂဝံလမ်းခင်းခြင်း၊ မြေသားလမ်းခင်းခြင်း၊ မြေသား တာပေါင် ပြုလုပ်ခြင်း စုစုပေါင်း ၇၄ မိုင် ၇ ဒသမ ၀၇ ဖာလုံနှင့် ကွန်ကရစ်တံတား ၁၇ စင်း၊ Box Culvert ခုနစ်စင်းတို့ကို အကောင်အထည်ဖော်ခဲ့သည်။


“အဓိကကျေးလက်လမ်းဖြစ်တဲ့ ဖြူဘ- သဲကုန်းလမ်းပေါ်မှာရှိတဲ့ ပေ ၃၆၀ ကျုံဟော် ရာမဆိပ်ကွန်ကရစ်တံတားတို့ကို ဆောင်ရွက် လျက်ရှိပါတယ်။ ကျုံဟော်ရာမဆိပ် တံတားက ယခုနှစ်အတွင်း ပြီးစီးမှာဖြစ်ပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။


ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေဖြင့် မြေသားလမ်း ဖောက်လုပ်ခြင်း သုံးခု၊ ကျောက်ခင်းခြင်းလုပ်ငန်းကိုးခု၊ ကတ္တရာလမ်းခင်းခြင်းတစ်ခု၊ ကွန်ကရစ် တံတားတည်ဆောက် ခြင်းလုပ်ငန်း ခုနစ်ခု၊ ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ Box Culvert ပြုလုပ်ခြင်းနှစ်ခု၊ ရေပြွန် တည်ဆောက်ခြင်းလေးခု၊ ကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်းတစ်ခု၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းငါးခု၊ ဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်း ၁၄ ခု၊ ပြည်နယ် ရန်ပုံငွေဖြင့် မြေသားလမ်းဖောက် ခြင်းသုံးခု၊ ဂဝံခင်းခြင်းလုပ်ငန်းတစ်ခု၊ ကတ္တရာ လမ်းခင်းခြင်းနှစ်ခု၊ ကွန်ကရစ်လမ်းခင်းခြင်း တစ်ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်း ၁၃ ခု၊ Box Culvert ပြုလုပ်ခြင်း တစ်ခုတို့ကိုဆောင်ရွက်ခဲ့သည်။


ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့ရွာများ ရေတိုက် စားကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် လူနေအိမ် များ၊ လမ်းတံတားများ၊ လယ်ယာမြေများ၊ မဆုံးရှုံးစေရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ဘီးလင်းမြို့နယ် ကမ်းနားလမ်း တစ်လျှောက် ဖိုးရာဇာရပ်ကွက် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း၊ ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာတံတား၏ မြစ်ကြေဘက် စစ်တောင်းမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ကျိုက်ထိုမြို့နယ် မုက္ကမော့ - ခရွဲကားလမ်း (ဦးသီလကုန်းအနီး) စစ်တောင်းမြစ် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။


ပြည်နယ်စည်ပင်သာယာရေးအဖွဲ့
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မြို့/ရပ်ကွက်များ သန့်ရှင်းသာယာ လှပရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် မြို့နယ် ၁၀ မြို့နယ်အတွင်း နိုင်လွန် ကတ္တရာခင်းခြင်း ၁ မိုင် ၄ ဒသမ ၆၇ ဖာလုံ၊ ကတ္တရာလမ်းသစ်ခင်းခြင်း မိုင် ၃၀ ကျော်၊ ကွန်ကရစ်လမ်းသစ်ခင်းခြင်း ၂၃ မိုင် ၇ ဒသမ ၉၉ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၉ မိုင် ၂ ဒသမ ၈၃ ဖာလုံ၊ အမာခံလမ်း ၄ မိုင် ၁ ဒသမ ၇၅ ဖာလုံ စုစုပေါင်း ၇၅ မိုင် ၄ ဒသမ ၄၄ ဖာလုံ နှင့် တံတားလုပ်ငန်းများအနေဖြင့် ကွန်ကရစ် တံတား ၁၆၇ စင်း၊ ရေပြွန်နှစ်ခု၊ အခြားလုပ်ငန်း တစ်ခု၊ ရေပေးရေးလုပ်ငန်းများအနေဖြင့် ရေစင်တစ်ခု၊ တွင်းတိမ်ငါးတွင်း၊ ရေကန်၊ ရေစင်ရှစ်ခု၊ အခြား ၄၃ ခု စုစုပေါင်း ၅၇ ခု၊ JICA ချေးငွေဖြင့် မော်လမြိုင်မြို့ ရေပေးဝေရေး ပိုက်လိုင်းတိုးချဲ့ခြင်းတစ်ခု၊ ရေပေးရေးလုပ်ငန်း နှစ်ခုနှင့် ဈေးနှစ်ခုတို့ကို ဆောင်ရွက်ပေးနိုင် ခဲ့သည်။


အတ္ထရံမြစ်ရေတင်စီမံကိန်း
မော်လမြိုင်မြို့နယ်အတွင်း နေထိုင်သူ ပြည်သူများ သောက်သုံးရေဖူလုံစေရန် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အတ္ထရံမြစ်ရေတင် စီမံကိန်း၏ Water Treatment Plant တည် ဆောက်ခြင်းလုပ်ငန်းပြီးစီးပါက မော်လမြိုင် မြို့ရှိ ကျေးရွာ/ရပ်ကွက်ပေါင်း ၁၄ ခုရှိ အိမ်ထောင်စု ၂၃၈၉၁ စုမှ လူဦးရေ ၁၁၂၃၉၄ ဦးကို တစ်နေ့လျှင် သောက်သုံးရေ ရေဂါလန် ပေါင်း ၃၄၂ သန်းခန့် ပေးဝေနိုင်မည်ဖြစ်သည်။


သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး

သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီး ရေးလုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တို ဘာလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ မွန် ပြည်နယ်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ရပ်ကွက်၊ ကျေးရွာ များတွင် ၄၁ ကြိမ် ပြုလုပ်ခဲ့ပြီး သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းငါးကြိမ်၊ သဘာဝဘေး အန္တရာယ်လျော့ပါးရေး သရုပ်ပြလေ့ကျင့်မှု တစ်ကြိမ် ပြုလုပ်ခဲ့သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေး ဖြစ်ပွားမှုနှင့် ထောက်ပံ့မှုများ အနေဖြင့် မီးဘေး၊ ရေဘေး၊ ကမ်းပြိုဘေး၊ မြေပြိုဘေး၊ မိုးကြိုး ဘေးနှင့် ရေမျောဘေးစုစုပေါင်း ၁၆၈ ကြိမ် ရှိပြီး ငွေကျပ် ၃၃၄၅၉၀၂၁၅ ကျပ် ထောက်ပံ့နိုင်ခဲ့သည်။


“မွန်ပြည်နယ်မှာ ထူးကဲဒီရေကြောင့် စစ်တောင်းကျေးရွာမှာ ပျက်စီးခဲ့တဲ့ မိသားစုတွေကို အိမ်ရာသစ်တွေ၊ မြေကွက်တွေကို ထောက်ပံ့ဖော်ဆောင်ခဲ့ပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
မွန်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒီရေတောများ တည်ထောင်ခြင်း၊ မွန်ပြည်နယ် သစ်တောဦးစီး ဌာနမှ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် မိုးရာသီသဘာဝဘေးအန္တရာယ် ကာကွယ်နိုင် ရေးရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ သစ်တော များ ပြန်လည်တည်ထောင်ရေး ၁၀နှစ်စီမံကိန်း ၂၀၁၇ - ၂၀၁၈ မှ ၂၀၂၆ - ၂၀၂၇ အထိ ဓမ္မတာ မျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝသစ်တောတန်ဖိုးမြှင့် စိုက်ပျိုး ခြင်း၊ စီးပွားရေးစိုက်ခင်းများ တည်ထောင်ခြင်း၊ ပုဂ္ဂလိက သစ်မာစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်း၊ ငါးနှစ်ပြည့်စိုက်ခင်းဟောင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပျိုးပင်များဖြန့်ဝေခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ် တောတိုးချဲ့ဖွဲ့စည်းခြင်း နှစ်ခုတို့ကို ဆောင်ရွက် နိုင်ခဲ့သည်။


ကျေးလက်ဒေသဖွံ့ဖြိုးရေး
မွန်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းကဏ္ဍတွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလျာထားရန်ပုံငွေ ကျပ်သန်း ၂၀၀၀ ဖြင့် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ဆောင်ရွက် ရန်နှင့် ပြည်သူလူထုများ/ အဖွဲ့အစည်းများမှ စုစုပေါင်းဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဘိလပ်မြေအိတ်ပေါင်း ၈၀၀၀၀ ထောက်ပံ့ရန် လျာထားဆောင်ရွက် လျက်ရှိသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ၌ ငွေကျပ်သန်း ၂၀၀၀ လျာထားခဲ့ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ များက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အနေဖြင့် မော်လမြိုင်မြို့တွင် လုပ်ငန်းနှစ်ခု၊ ချောင်းဆုံမြို့နယ်တွင် လုပ်ငန်းငါးခု၊ ကျိုက်မရောမြို့နယ်တွင် လုပ်ငန်းတစ်ခု၊ မုဒုံ မြို့နယ်တွင် လုပ်ငန်းခြောက်ခု၊ သံဖြူဇရပ် မြို့နယ်တွင် လုပ်ငန်းနှစ်ခု၊ ရေးမြို့နယ်တွင် လုပ်ငန်းသုံးခု၊ ကျိုက်ထိုမြို့နယ်တွင် လုပ်ငန်း လေးခု၊ ဘီးလင်းမြို့နယ်တွင် လုပ်ငန်းသုံးခု၊ သထုံမြို့နယ်တွင် လုပ်ငန်းတစ်ခုနှင့် ပေါင်မြို့ နယ်တွင် လုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း ၂၈ ခု လျာထားဆောင်ရွက်လျက်ရှိသည်။


ပြည်သူများအတွက် ဆောင်ရွက်ပေးမှုများ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် ပြည်သူများအတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲမှုများအနက် သိသာထင်ရှားသည့် ပြောင်းလဲမှု တစ်ခုဟု ဆိုရမည်ဖြစ်သည်။


ထိုသို့ဆောင်ရွက်ရာတွင် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဘုရားဖူးပြည်သူများ စရိတ်သက်သာစွာ စားသောက်နိုင်ရန် ယခင် က စားသောက်ဆိုင်များအပေါ် နှစ်စဉ်အလှူငွေ၏ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ လုပ်ငန်းရှင် များနှင့် ညှိနှိုင်းကာ ဈေးနှုန်းများကို သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း၊ ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည့် စေတီပုထိုး နတ်ကွန်းနတ်နန်းများနှင့် အခြားအလှူခံဌာနများကို လေလံချထား ခြင်းမပြုခြင်း၊ ဂေါပက အဖွဲ့မှ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ရှိ ပင်မအလှူခံ ဌာနတစ်ခုတည်း ဖွင့်လှစ်ထားခြင်း၊ တောင်တက် ကားများတွင် အမိုးတပ်ဆင်ထားပေးခြင်း၊ ကင်မွန်းစခန်းမှ တောင်ပေါ်သို့ ယာဉ်စီးခတစ်ဦးလျှင် ငွေကျပ် ၂၀၀၀ ကောက်ခံခြင်း၊ ဘုရားဖူး ခရီးသည်များ လုံခြုံမှုရှိစေရန် ကင်မွန်းစခန်းတောင်တက်ကားဂိတ်နှင့် ယာဉ်စစ်ဆေးရေး စခန်းတို့တွင် စီစီတီဗွီကင်မရာများ တပ်ဆင် ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ပြည်သူများသည် ယခင်ကထက် စိတ်အေး ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ကြပြီဖြစ်သည်။


မြို့ပြအဆင့်မြှင့်တင်ရေးကဏ္ဍ
မြို့ပြအဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စတုတ္ထ(၁) နှစ်တာကာလ အတွင်း မုဒုံမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်း၊ ကျိုက်ထိုမြို့နယ် ဆံတော် ရှင်ကျိုက်ထီးရိုးတောင် ပေါ်တွင် အမှိုက်ခွဲခြား သန့်စင်စက်နှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်ခြင်း၊ မော်လမြိုင်မြို့ ကျိုက်သလ္လံ စေတီတော် ပြန်လည်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျိုက်ထိုမြို့ရှောင်လမ်း ဖောက်လုပ်ခြင်းနှင့် မော်လမြိုင် လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် မုဒုံမြို့နယ်အတွင်း သက်မွေး ကျောင်းပညာရပ်ဆိုင်ရာ သင်တန်းကျောင်း တစ်ခု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျောင်း ဖွင့်လှစ်သင်ကြားခြင်းဖြင့် မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ နိုင်ငံရပ်ခြားနှင့် မိမိနိုင်ငံအတွင်း နိုင်ငံတကာအဆင့်မီ ကျွမ်းကျင် လုပ်သားများအဖြစ် ပြုစုပျိုးထောင်သွားနိုင် မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်မည်ဖြစ်သည်။


ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ သာယာလှပသည့် စက်စဲကမ်းခြေနှင့် ဇင်းကျိုက်ရေတံခွန်၊ နာမည်ကျော် သေမင်းတမန်ရထားလမ်းတို့ဖြင့် လူသိများ ထင်ရှားပြီးဖြစ်သည့် ပြည်တွင်း၊ ပြည်ပ ခရီး သွားများအား ဆွဲဆောင်ရာ ခရီးစဉ်ဒေသများ ရှိသည့် မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်လာစေရန် ပြည်နယ်အစိုးရ အဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကဗျာဝကမ်းခြေနှင့် ဖားပေါင်းဂူကဲ့သို့ သာယာ လှပပြီး စိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသသစ်များ ကို ရှာဖွေဖော်ထုတ်ကာ ခရီးသွားကဏ္ဍ မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။


ပြည်သူက ရွေးချယ်တင်မြှောက်သော ပြည်သူ့အစိုးရတာဝန်ယူခဲ့သည့် အချိန်မှစ၍ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ပြည်သူနှင့်အတူ အေးအတူ၊ ပူအမျှ ရင်ဆိုင် ကျော်ဖြတ်ရင်း လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲမှု၏ ရလဒ်ကောင်း အသီးအပွင့်များကို ပြည်သူများ ရရှိခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေသည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပြည်သူလူထုနဲ့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက် တဲ့အခါ လုပ်ငန်းစဉ်အလိုက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။