လူငယ်အချစ်နှင့် ဒရာမာပုံစံ "နှင်းဆီရဲတိုက်" ဇာတ်ကား စတင် ရုံတင်ပြသလျက်ရှိ

ကိုလင်း

 

လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သော လူငယ်အချစ်နှင့် ဒရာမာပုံစံ ဇာတ်လမ်းအမျိုးအစား ဖြစ်သည့် "နှင်းဆီရဲတိုက်" ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၂၀ တွင် ရုပ်ရှင်ရုံများ၌ စတင် ရုံတင်ပြသနေပြီ ဖြစ်သည်။

 

ထိုဇာတ်ကားကို ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့၌ ရိုက်ကူးခဲ့ကြောင်း သိရသည်။ "ဒီကားလေးရိုက်ထားတာ လေးနှစ်ကျော် လောက်ရှိပါပြီ။ ခေတ်ကာလက နည်းနည်းတော့ ကွာခြားသွားတယ်ပေါ့။ ကျွန်တော်ကတော့ စိတ်တိုင်းတော့ကျပါတယ်။ ဒီလိုအချိန် ရိုက်ရရင်တော့ ပိုအဆင်ပြေတာပေါ့။ သရုပ်ဆောင်တွေအနေနဲ့ အကြီးပိုင်းလည်းပါတယ်၊ အငယ်ပိုင်းလည်းပါတယ်။ လူငယ်တွေရဲ့ အချစ်ကိုလည်း ဖော်ကျူးထားတယ်။ လူကြီးတွေရဲ့ ဒရာမာပိုင်းတွေလည်း ပါပါတယ်။ ရသစုံပါတဲ့ ဇာတ်မို့ ရွေးချယ်ပြီးရိုက်ခဲ့တာပါ။ သွေးကစကားပြောတယ်ဆိုတာနဲ့ သူများဥစ္စာ အလကားမယူသင့်ဘူး ဆိုတာကို လျှို့ဝှက်ချက်လေးတွေနဲ့ ထည့်ရိုက်ထားပြီး လူကြီးပိုင်း ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်"ဟု ဒါရိုက်တာ နေပိုင်က ပြောသည်။

 

အဆိုပါဇာတ်ကားသည် အင်ကြင်းဟန်၏ဇာတ်လမ်းကို နေခြည်အောင်သစ် ဇာတ်ညွှန်းရေးသား၍ ဒါရိုက်တာနေပိုင် ရိုက်ကူးကာ သရုပ်ဆောင်များအဖြစ် အောင်ရဲလင်း၊ ကောင်းပြည့်၊ ရဲအောင်၊ မို့မို့မြင့်အောင် ၊ ရွှေမှုံရတီ၊ နေနော်၊ အောင်တိုး၊ မင်းရဲစည်သူ၊ ကောင်းဆက်ထူး၊ သာသာ၊ သံစဉ် ဖြိုးပိုင်နှင့် သဒ္ဒါ စသည့်သရုပ်ဆောင်များစွာ ပါဝင်ကြောင်း သိရသည်။