လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဥရောပကလပ်အသင်းများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးနေ

ရန်ကုန်  ၂၇ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘောလုံးအကယ်ဒမီများနှင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဥရောပ ကလပ်အသင်းအချို့နှင့် ဆွေးနွေးလျက်ရှိသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်း၊ ဂျာမနီထိပ်သီးကလပ် ဒေါ့မွန်အသင်းတို့နှင့် ဆွေးနွေးနေခြင်းဖြစ်ပြီး ယင်းအသင်းများနှင့် ဆွေးနွေးနေသည့် အခြေအနေများကို မေ ၂၅ ရက်က ပြုလုပ်သည့် နည်းစနစ် ကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

 

ယင်းအသင်းများနှင့် မိတ်ဖက်ပြုလုပ်နိုင်ပါက မြန်မာ့ဘောလုံးအတွက် ရရှိလာနိုင်မည့် အကျိုးအမြတ်များအပြင် ကုန်ကျစရိတ် ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး နည်းစနစ်ကော်မတီ အစည်းအဝေးတွင် ထပ်မံဆွေးနွေးသွားမည် ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ဘောလုံး တိုးတက်အောင်မြင်ရေးအတွက် အဓိကအချက်ဖြစ်သည့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဥရောပကလပ် အသင်းများနှင့် မိတ်ဖက် ဆောင်ရွက်ခွင့်ရပါက မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် များစွာအကျိုးရှိနိုင်ပေသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်နည်းစနစ်ဒါရိုက်တာဟောင်း အဲရစ်အာဗရန်နှင့် ယခုလအတွင်း လမ်းခွဲခဲ့ပြီး နည်းစနစ် ဒါရိုက်တာတစ်ဦးလည်း ပြန်လည်ခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် ဘောလုံးအကယ်ဒမီသုံးခု တည်ဆောက်ထားပြီး မန္တလေး၊ ပုသိမ်နှင့် ရန်ကုန်မြို့တို့တွင် တည်ဆောက်ထားကာ လူငယ်ကစားသမားများကို ဘောလုံးအပြင် ကျောင်းပညာရေးပါ သင်ကြားပေး လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ