လူရွှင်တော်များ စားဝတ်နေရေး အခက်အခဲရှိလာကြောင်း လူရွှင်တော်ကံပွင့် ပြောကြား


ကိုလင်း

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ လူတိုင်းနီးပါး အခက်အခဲများ တွေ့ကြုံလာရသလို မြန်မာ့ဇာတ်သဘင်လောကရှိ လူရွှင်တော်များအနေဖြင့်လည်း စားဝတ်နေရေး အဆင်မပြေမှုများ ကြုံတွေ့နေရပြီဖြစ်ကြောင်း လူရွှင်တော်တစ်ဦးဖြစ်သူ ဦးကံပွင့်က ပြောကြားသည်။


“ ဦးကံတို့ လူရွှင်တော်အဖွဲ့တွေအနေနဲ့လည်း စားဝတ်နေရေး အခက်အခဲတွေ ရှိနေပါတယ်။ အားလုံးက ဒီအချိန်မှာ အိမ်မှာထိုင်ပြီး အဆင်မပြေဖြစ်နေကြတာပေါ့။ ဦးကတော့ အိမ်ပိုင်လေးရှိတော့ နေရေးလေးက စိတ်မပူရဘူး။ စားရေးက အဓိကခက်ခဲတယ်။ အချို့လူရွှင်တော်တွေဆို အိမ်ငှားနေကြရတော့ ပိုပြီး အခက်အခဲတွေ ဖြစ်ကြရတယ်။ အိမ်လခပေးဖို့ကလည်း တစ်ဒုက္ခပေါ့။ လူရွှင်တော် အသင်းဝင်ကတ် ရှိသူကို ဆန်၊ ဆီ လှူတာကလည်း တစ်ခဏပဲ အဆင်ပြေနိုင်ပါတယ်။ အချိန်ကာလ ဘယ်လောက်အထိ ကြာမယ်မှန်းမသိဘဲ စားဝတ်နေရေး အဆင်မပြေဖြစ်လာပေမယ့် အိမ်ထဲမှာ ငုတ်တုတ်ထိုင်ပြီးတော့ပဲ ဖြတ်သန်းနေကြရပါတယ်။ ဦးကံတို့လည်း မရှိရှိတာလေးကို ထုခွဲ ရောင်းချပြီး သုံးစွဲနေရတယ်။ မြန်မာစကားပုံအတိုင်း ရှိရင်တော့ တန်ဆာ၊ မရှိတော့လည်း ဝမ်းစာပေါ့။ ကိုယ်တိုင်ကလည်း လုပ်ဖော်ကိုင်ဖက်တွေကို မလှူနိုင်ဘူး။ စိတ်မကောင်းရုံကလွဲရင် ဘာမှကို မတတ်နိုင်ပါဘူး” ဟု ပြော သည်။


မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်အချိန်က လူရွှင်တော် အသင်းဝင်ကတ် ပြုလုပ်ထားသူအားလုံးကို အသင်းက ဆန်၊ ဆီများ ပံ့ပိုးပေးခဲ့ရာတွင်လည်းကောင်း၊ သက်ကြီးလူရွှင်တော်များအား ကူညီလှူဒါန်းမှုများ ပြုလုပ်ရာတွင်လည်းကောင်း လူရွှင်တော် ဦးကံပွင့်အနေဖြင့် ပါဝင်ကူညီခဲ့သလို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ကိုဖိုးချစ်နှင့် CB ဘဏ်ဥက္ကဋ္ဌတို့ ပူးပေါင်းလှူဒါန်းသော ပစ္စည်းများကို ဇာတ်သဘင် လောကသားများထံ လက်ဝယ်ရောက်ရှိရန်လည်း လိုက်လံဝေငှလှူဒါန်းခြင်းဖြင့် ကူညီခဲ့ကြောင်း၊ ကျန်သောအချိန်များတွင်မူ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသည့်အတိုင်း အိမ်၌သာ နေထိုင်လျက်ရှိကြောင်း ဦးကံပွင့်က ဆက်လက်ပြောကြားသည်။