လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကျင်းပ

နေပြည်တော်၊  ၁၈   ဇန်နဝါရီ

လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီးဒေါက်တာခင်သန်းအေးတို့ အပါအဝင် ပြည်တွင်း၊ ပြည်ပမှ လူရည်ချွန် ၅၀၀ ကျော် တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် လူရည်ချွန် (၁၉၆၄ - ၁၉၈၈)   အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာများ၊ ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားခြင်းနှင့် အဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရာ လူရည်ချွန်အဖွဲ့ခွဲများဖြစ်ကြသည့် ရခိုင်အဖွဲ့ခွဲ၊ အထက်မြန်မာပြည်အဖွဲ့ခွဲ၊ မုံရွာ (စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ခွဲ)တို့က ပါဝင်ဆွေးနွေးကြသည်။

 

ယင်းနောက် လူရည်ချွန်(၁၉၆၄ - ၁၉၈၈) အဖွဲ့၏ ပညာရေးရန်ပုံငွေနှင့် အထွေထွေရန်ပုံငွေ အတွက် KBZ MS အထွေထွေအာမခံနှင့် KBZ LIFE အသက်အာမခံတို့၏ ကိုယ်စား လူရည်ချွန်များ ဖြစ်ကြသည့် ဦးညိုမြင့်နှင့် ဇနီးဒေါက်တာနန်းခင်မေဖူးတို့က ငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊  မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေသို့ လှူဒါန်းရန်အတွက် ကနဦးမတည်ငွေအဖြစ် လူရည်ချွန် များဖြစ်ကြသည့် ယူကေနိုင်ငံရှိ ဒေါက်တာဦးချစ်ကိုကို (၁၉၇၂) က ငွေကျပ်သိန်း ၅၀ ၊ အမေရိကန်နိုင်ငံမှ ဒေါက်တာစိုးနီ၊ ဒေါက်တာခင်ဥမ္မာတို့က ငွေကျပ် ၁၀ သိန်း၊ ဦးလှိုင်မင်းက ငွေကျပ် ၃ သိန်းနှင့် ဒေါက်တာမြင့်မြင့်သန်း က ငွေကျပ် ၃ သိန်းတို့ကို လည်းကောင်း ပါဝင်လှူဒါန်းကြသည်။

 

လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့၏ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍ၊ တိုင်းကျိုးပြည်ပြု ပရဟိတ လုပ်ငန်းများတွင် အသုံးပြုရန် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ လူရည်ချွန်အဖွဲ့သို့ လှူဒါန်းငွေပေါင်းမှာ ငွေကျပ်သိန်းလေးထောင်ကျော်ရှိကြောင်း သိရသည်။

(သတင်းစဉ်)