လူသားကောင်းကျိုး ဂေဟစနစ်ထိန်းသိမ်း

 

ကမ္ဘာကြီးပေါ်၌ ဒေသအလိုက်ဖြစ်တည်နေသော ရာသီဥတုမှာ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ အအေးပိုင်းဒေသတွင် အပူ လွန်ကဲပြီး အပူပိုင်းဒေသတွင် အအေးပိုနေသည်။ မိုးရာသီကာလတွင် ပုံမှန်မဟုတ် သည့် မိုးသည်းထန်မှုများနှင့် မိုးခေါင်နေသည့်ဒေသများကို ကြုံတွေ့နေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များကို ပြည်သူများ ခံစားနေကြရသည်။

 

လက်ရှိကာလတွင် အအေးပိုင်းဒေသ တရုတ်နိုင်ငံအနှံ့အပြားတွင် ပြင်းထန်သောအပူလှိုင်းဖြတ်မှုနှင့် ကြုံတွေ့နေရသဖြင့် အမြင့်ဆုံးအပူချိန်သတိပေးချက် အနီရောင်အဆင့်ကို ပြည်သူများအား အသိပေးနေရသည်။ အအေးပိုင်းဒေသ ပြင်သစ်နိုင်ငံ၌ ဇူလိုင်လကုန်မှစ၍ အပူလှိုင်းဖြတ်လျက်ရှိရာ အပူလှိုင်းမှာ ရက်ရှည်ကြာပြီး ရေခဲဒေသအတ္တလန္တိတ်ကမ်းရိုးတန်းအထိ ပျံ့နှံ့လျက်ရှိသည်။ အအေးပိုင်း ဒေသများ အပူလှိုင်းဖြတ်မှု၊ အပူပိုင်းဒေသများ မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် ကမ္ဘာ့ရေမျက်နှာပြင်မြင့်တက်မှု၊ တောင်ကျရေများ များပြားလာမှုများနှင့် ကြုံတွေ့လာမည်ဖြစ်သည်။

 

လတ်တလော၌ မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသ ပြင်ဦးလွင်၌ ရေကြီးရေလျှံ ဖြစ်ပွားခဲ့ပြီး ယခုအခါ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဒေသအချို့၌ ရေကြီးရေလျှံ ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ် အတွင်းရှိ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများမြင့်တက်လာမှု ကြောင့် ရပ်ကွက်/ကျေးရွာအချို့ ရေနစ်မြုပ်သဖြင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြစ်ကြီးလေးသွယ်အပါအဝင် မြစ်ချောင်း၊ မြစ်လက်တက်များ ကွန်ရက်သဖွယ် စီးဆင်းလျက်ရှိသဖြင့် ယခုရာသီဥတုအခြေအနေအရ မြစ်ရေချောင်းရေများ ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိသဖြင့် ရေဘေးအန္တရာယ်ကို သတိပြုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေသည်ဟုသိရသည်။ အပူချိန်မြင့်တက်မှု၊ အအေးလှိုင်းဖြတ်မှု၊ မိုးသည်းထန်မှု၊ မိုးခေါင်မှု၊ မုန်တိုင်း တိုက်ခတ်မှု၊ ငလျင်လှုပ်မှု၊ မုတ်သုံကာလတိုတောင်းမှု စသည့်ပုံမှန်မဟုတ်သော ဖြစ်စဉ်များကြောင့် ပြည်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ထိခိုက်နိုင်သည်များကို သတိပြုရမည်ဖြစ်သည်။ မိုးကြိုကာလ၊ မိုးကုန်ကာလများတွင် ဆိုင်ကလုန်း မုန်တိုင်းများ ပေါ်ပေါက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများအဖို့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြု ပြင်ဆင်ထားရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်များ အမြောက်အမြား ဆုံးရှုံးခဲ့ရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်ကြာမြင့်စွာ ပြုလုပ်ပေးခဲ့ရသည်။ ပင်လယ် ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတောများသည် ပင်လယ်မှလာသည့် သဘာဝဘေးအန္တရာယ်ကို အကာအကွယ်ပေးသဖြင့် ဒီရေတောများ ပြုစု ပျိုးထောင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒီရေတောများ အများဆုံး ပေါက်ရောက်လျက်ရှိသည်။ ဒီရေတောများသည် သဘာဝဘေးအန္တရာယ်ကို အကောင်းဆုံးအကာအကွယ်ပေးလျက်ရှိသော သစ်ပင်များဖြစ်ပြီး ကမ်းရိုးတန်း ဒေသနေပြည်သူများအတွက် အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ပံ့ပိုးပေး နိုင်သည့်အပြင် နိုင်ငံ၏ ငါး၊ ပုစွန်၊ ကဏန်း ရေထွက်ကုန်သယံဇာတများ တိုးပွား ရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချရေး နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် ဂေဟစနစ် ဖြစ်သည်။

 

ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို လျှော့ချနိုင်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် သဘာဝဂေဟစနစ်များကို ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။ ပေါများလှသည့် မြစ်ချောင်း၊ အင်းအိုင်၊ ရေဝေ ရေလဲဒေသများ ပျက်စီးပြုန်းတီးသောအခါ အနယ်အနှစ်များ မြစ်ချောင်းများအတွင်း စီးဆင်းပို့ချခြင်း၊ ရေစီးကြောင့် မြေပြိုတိုက်စားခြင်း၊ ရေကြီးခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်မှုမရှိခြင်း၊ မြစ်ချောင်းများ တိမ်ကောစေခြင်း၊ စိုက်ပျိုးမြေများ ရေတိုက်စားမှုကြောင့် ပျက်စီးခြင်းတို့အပြင် ရေသယံဇာတကို အများပြည်သူအတွက် အသုံးချနေသည့် ရေကြောင်းခရီး၊ မွေးမြူရေးနှင့် ရေမှစွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းများပါ ထိခိုက်မှုများရှိလာနိုင်သည်။

 

 

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှသာ သဘာဝပတ်ဝန်းကျင်က လူတို့ကိုအကျိုးပြုပြီး အန္တရာယ်မဖြစ်စေနိုင်သည်ကို သိရှိလိုက်နာ ဆောင်ရွက်ကြရန်လိုပေသည်။ သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများသည် လူသားအကျိုးပြုဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်၍ လူသားကောင်းကျိုးများ ဖြစ်ပေါ်လာအောင် ကြိုးပမ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ