လူသားချင်းထောက်ထားသက်ညှာစွာစဉ်းစား

mdn

 

နေပြည်တော် သြဂုတ် ၁၃

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ် ကုသနိုင်ရန် အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်းချက်များကြောင့် တရားရုံးအသီးသီးတွင်ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာနေသည့် တရားခံများကိုထောက်ထားငဲ့ညှာသည့်အတွက်လည်းကောင်း သတ်မှတ်ထားသည့် ပြစ်မှုများကို အမှုမှလွှတ်ရန် ၂၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၁၄၇/၂၀၂၁ ကို ထုတ်ပြန်၍ အမှုများမှ လွှတ်ပေးခဲ့ပြီးဖြစ်သည်။ 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကန့်သတ်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း အမျိုးမျိုးနှင့် ရောဂါနှင့်ပတ်သက်သည့် နောက်ဆက်တွဲအကျိုးဆက်များကြောင့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေးအခက်အခဲအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ အခက်အခဲဖြစ်နေသည့်အကြောင်းကိစ္စများတွင် တရားရင်ဆိုင်နေရသည့် အမှုကိစ္စအမျိုးမျိုးလည်းပါဝင်နေရာ တရားရင်ဆိုင်နေရသောအမှုသည်များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် မိသားစု၊ ဆက်နွှယ်မှုများကြား၌ အခက်အခဲများဖြစ်ပေါ် လျက်ရှိသည်။ ထိုသို့သောအခက်အခဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လူသားချင်းစာနာထောက်ထားသောအားဖြင့် အမှုပိတ်သိမ်းခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ပေးခဲ့သည်။


ယခုကဲ့သို့ ရင်ဆိုင်နေရသည့်အမှုများမှ လွတ်မြောက်စေရန် ဆောင်ရွက်ပေးမှု သည် တရားရင်ဆိုင်နေရသော အမှုများအားလုံးကို ဆိုလိုခြင်းမဟုတ်ဘဲ လွှတ်ပေး သင့် လွှတ်ပေးလိုက်သည့် အမှုတို့ကိုသာ လွှတ်ပေးနေခြင်းဖြစ်သည်။ ရည်ရွယ်ချက် မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်ကုသ နိုင်ရန်နှင့် ကျန်ရှိနေသည့် ချုပ်ရက်ရှည်ကြာနေသောတရားခံများကို သတ်မှတ်ချက် များနှင့်အညီ သက်ညှာစွာဖြင့် အမှုပိတ်သိမ်းနိုင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ အမှုအားလုံးအားဆိုလိုခြင်းမဟုတ်သည်ကို သိရှိထားရန်လိုအပ်သည်။


အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ ငွေကြေးခဝါချမှု တိုက်ဖျက် ရေးဥပဒေပါပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးဆိုင်ရာဥပဒေပါ ပြစ်မှု များ (အမိန့်အမှတ် ၁၄၇/၂၀၂၁ ၏ အပိုဒ် ၂(စ)နှင့်(ဆ)ပါ ပြစ်မှုများမပါ)၊ မတရား အသင်းအက်ဥပဒေပါပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ် ကြီး ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အရ စွဲဆိုထားသည့်အမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးအမှုများ၊ တရားရုံးတွင် ဦးတိုက်လျှောက်ထားစွဲဆိုထားသောအမှုများ၊ သက်ဆိုင်ရာ တရားစွဲ အဖွဲ့ အစည်းအသီးသီးက လုံလောက်သောအကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်း မပြုသင့်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ၃၀ရက်နေ့မတိုင်မီသက်ဆိုင်ရာတရား ရုံးများတွင် လျှောက်ထားသည့်အမှုများမှအပ ကျန်အမှုများသည် ကင်းလွတ်ခွင့် ရှိသည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီ အထက် ပါအမှုများမှအပ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံးများတွင် စွဲဆို ခံရပြီး ကြားနာစစ်ဆေးနေဆဲ ပြစ်မှုဆိုင်ရာအမှုများအားလုံးကို ပိတ်သိမ်း၍ တရားခံ များအား အမှုမှလွှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ဦးဦး အား ထိခိုက်နစ်နာစေသည့်ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူပုဂ္ဂိုလ်များ၏ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးနစ်နာစေသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ ကိုယ်တိုင် ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားခြင်းမရှိမှသာ အဆိုပါအမှုကို ပိတ်သိမ်း၍ တရားခံအား လွှတ်ရမည်ဖြစ်သည်။ ကိုယ်တိုင်ထိခိုက် နစ်နာသူက အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း လျှောက်ထားသည့်အခါ သက်ဆိုင် ရာတရားရုံးသည် ရောက်ရှိသည့်အဆင့်မှစ၍ ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။ ကိုယ်တိုင်ထိခိုက်နစ်နာသူဆိုသည်မှာ နစ်နာသူကိုယ်တိုင်၊ နစ်နာသူ၏ တရားဝင် ဇနီး၊ ခင်ပွန်းနှင့် သားသမီးတို့သာဖြစ်သည်။ နစ်နာသူတွင် အိမ်ထောင်မရှိပါက နစ်နာသူကိုယ်တိုင်နှင့် နစ်နာသူ၏ မိဘ၊ မောင်နှမများကို ဆိုလိုသည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူသားချင်းစာနာ ထောက်ထားငဲ့ညှာသောအားဖြင့် အထက်ဖော်ပြပါ ကင်းလွတ်ခွင့်မရှိသောအမှုများမှ အပ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ကြားနာစစ်ဆေးနေဆဲ ပြစ်မှုဆိုင်ရာအမှုများအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်မြောက်ရသည်တို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက် ရပါကြောင်း။ ။

ကြေးမုံ