လူ့သက်တမ်းစေ့နေနိုင်ဖို့ ဆေးလိပ်၊ စီးကရက်ဖြတ်ကြစို့

ဝင်းသူအောင်(သုတေသန)

 

၂၀၂၀ ပြည့်နှစ် မေလ ၃၁ ရက်နေ့သည် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ (World No Tobacco Day)ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) နှင့် ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် နှစ်စဉ် မေလ ၃၁ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို အခမ်းအနားများ၊ လူထုလှုပ်ရှားမှုများဖြင့် ကျင်းပကြ ပါသည်။ ကျင်းပရသည့်ရည်ရွယ်ချက်မှာ ဆေးလိပ် လက်တွေ့ သောက်သုံးသူကိုယ်တိုင်သာမက မသောက် သုံးသော်ငြားလည်း သောက်သုံးသူ အနီးပတ်ဝန်းကျင်မှာနေရ၍ ဆေးလိပ်ငွေ့ရှူနေကြရသည့် Second-hand smoker များကို ဆေးလိပ်သောက်ခြင်းက အဆုတ်ကျန်းမာရေးထိခိုက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုအထိ သက်ရောက်မှုရှိနေသည်ကို အသိပညာပေးရန်၊ ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်တားမြစ်ရေး နှိုးဆော်ရန် စသည့်အချက်များ ဖြစ်ပါသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဆေးလိပ်အန္တရာယ်

ယခုကာလသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကတည်းက တရုတ်နိုင်ငံ ဂူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အန္တာတိကတိုက်မှလွဲပြီး ကမ္ဘာ့နိုင်ငံနှင့် ပိုင်နက်နယ်မြေအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်ဖြစ်ပါသည်။ ၎င်းကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေသည်မှာ လေးလကျော် ငါးလအတွင်းသို့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်အထိ မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကူးစက်မှုနှင့် သေဆုံးမှု ဖြစ်စဉ်များ နေ့စဉ်နှင့်အမျှ တိုးပွားနေဆဲဖြစ်ပါသည်။

 

၎င်းကပ်ရောဂါဆိုးကြီးသည် လူ့ခန္ဓာကိုယ်အစိတ် အပိုင်းများအနက်မှ အဆုတ်တစ်ခုကိုသာ ရွေးချယ်၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် အထူးသဖြင့် ဆေးလိပ် သို့မဟုတ် ဆေးလိပ်အစားထိုး အီးစီးကရက်သောက်သုံး သူများ သတိပြုဆင်ခြင်ကြရန် လိုအပ်ပါသည်။ ထို့အပြင် ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ပါရဂူများကလည်း ဆေးလိပ် နှင့် အီးစီးကရက်သောက်သုံးသူများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရလျှင် အသက်အန္တရာယ် ထိခိုက်နိုင်ခြေ ပိုများသောကြောင့် ဆေးလိပ်နှင့် အီးစီးကရက် သောက်ခြင်းကို ဖြတ်ကြရန်လည်း တရားဝင်ထုတ်ပြန် ပြောကြားထားပြီး ဖြစ်သည်။

 

အတုယူဖွယ်ရာ လှုပ်ရှားမှုများ

ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် ဆေးလိပ်နှင့် အီးစီးကရက်များရောင်းချခြင်း၊ သောက်သုံး ခြင်း မပြုလုပ်ကြရန် တားမြစ်ပိတ်ပင်မှုများ စတင် လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့တားမြစ်သည့် နိုင်ငံများတွင် ဘူတန်၊ အိန္ဒိယ၊ လာအို၊ နီပေါ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် အရှေ့တီမောကဲ့သို့မိမိတို့အိမ်နီးချင်း နိုင်ငံများပါဝင်ပါသည်။ အာဆီယံ ၁၀ နိုင်ငံတွင် လေ့လာထားသောစာတမ်းအရ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် အီးစီးကရက် ထိန်းချုပ်ခြင်းနှင့် ပတ်သက်သည့် သီးသန့်ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေများ ပြဋ္ဌာန်းထားပါသည်။

 

အစိုးရ၏ အားတက်ဖွယ်ရာ ကြိုးပမ်းမှု

မြန်မာနိုင်ငံသည် WHO ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း (Framework Convention on Tobacco Control-FCTC) ကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ၁၁ နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ အဆိုပါဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၀၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အာဏာ အသက်ဝင်ခဲ့ပါသည်။ သို့သော်လည်း၎င်းဥပဒေတွင် အီးစီးကရက်နှင့်ပတ်သက်၍ ပိတ်ပင်တားမြစ်ထားခြင်း မရှိသေးသဖြင့် ပြန်လည်ရေးဆွဲရန် ဆောင်ရွက်ခဲ့ရာမှာ ဥပဒေပညာရှင်များငှားရမ်းပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လကုန်၌ မူကြမ်းရေးဆွဲရေးစီစဉ်ထားကြောင်း၊ ဥပဒေသစ် တွင် အီးစီးကရက်အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆက်စပ်ပစ္စည်းများ ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမဆောင်၌ မေလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့ပါသည်။

 

ထို့အပြင် ယခုနှစ်ကျရောက်သော ဆေးလိပ်မသောက် ရေးနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်၍ မဆောင်ရွက်နိုင်သော်လည်း အီးစီးကရက်အန္တရာယ်အား ပြည်သူလူထု သိရှိလာစေရန် အနုပညာရှင်များပါဝင်သည့် အသိပညာပေး Short Video clip ရိုက်ကူးပြီး ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသရန် ရှိပါသည်။ ထိုမျှမကသေးဘဲ အဆိုပါအနုပညာရှင်များ၏ ဖေ့စ်ဘွတ်၊ WHO နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဖေ့စ်ဘွတ် စာမျက်နှာများမှတစ်ဆင့် Media Campaign များ ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ Quarantine Centre များ၌ အသိပညာပေးပိုစတာများကပ်ခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။

 

အသိသတိဖြင့် ပူးပေါင်းပါဝင်ကြစေလို

ယနေ့အချိန်အခါတွင် အရွယ်ရောက်ပြီးသူများသာမက အသက် ၁၈ နှစ်မပြည့်သေးသော အရွယ်မရောက် သေးသည့် လူငယ်များပင်လျှင် ဆေးလိပ် သို့မဟုတ် အီးစီးကရက်ကို သောက်သုံးလျက်ရှိပါသည်။ ဆေးလိပ်သောက်သုံးရသည့် အကြောင်းရင်းမှာ အချို့ကအပျင်းပြေ စေဖို့၊ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်လို့၊ အချို့က အတွေးအခေါ်ကောင်းစေဖို့၊ အချို့ကတော့ လက်ကြားမှာ ဆေးလိပ်လေးညှပ်ပြီး စတိုင်ထုတ်ဖို့ စသည် ........စသည်ဖြင့်။ ဆေးလိပ်နှင့်အီးစီးကရက်တို့သည် နီကိုတင်း ဓာတ်များပါဝင်သောကြောင့် စွဲလမ်းစေသည့်အပြင် အသက် အန္တရာယ်ပေးနိုင်သော ကင်ဆာရောဂါ အပါအဝင် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတို့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီး စေနိုင်သော ဓာတ်ပစ္စည်းများလည်းပါဝင်၍ မသောက်သုံးကြရန် WHO က သတိပေးထားပြီး ဖြစ်ပါသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပင်လျှင် ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှုများကို နှစ်ရှည်စီမံကိန်းချ၍ ဆောင်ရွက်လျက်ရှိပါသည်။

 

သာဓကအနေဖြင့် အမေရိကန်နိုင်ငံတွင် လူငယ်များ ဆေးလိပ်သောက်သုံးမှုနှုန်း မြင့်တက်လာခြင်းအားထိန်းချုပ် ရန်ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်းမှာ ဆေးလိပ်နှင့် အီးစီးကရက် ဝယ်ယူခွင့်ရှိသည့် အသက်ကို ၁၈ နှစ်မှ ၂၁ နှစ်သို့ တိုးမြှင့် မည့် အက်ဥပဒေကို အမေရိကန်ကွန်ဂရက်၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါသည်။ တရုတ်နိုင်ငံတွင်လည်း ၂၀၁၉-၃၀ ကျန်းမာရေး လုပ်ငန်းစီမံချက် ချမှတ်ထားပြီး ၎င်းစီမံချက်အရ တရုတ်ကွန်မြူနစ်ပါတီရုံးများ၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနများအနေဖြင့် လုပ်ငန်းခွင်နေရာများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနယ်ပယ်များ၌ ဆေးလိပ်သောက်သုံးမှုကို တဖြည်းဖြည်း တားမြစ်ပိတ်ပင် ခြင်းဖြင့် ဆေးလိပ်ကင်းစင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ဆေးလိပ်နှင့် အီးစီးကရက်ရောင်းချခြင်းဖြင့် အသက်မွေးမှုစီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများ၊ သောက်သုံးသူ များအနေဖြင့် WHO နှင့် အစိုးရတို့၏ လမ်းညွှန်အကြံပြုချက်များသည် မိမိတို့ကိုယ်တိုင်နှင့် အများပြည်သူ ကျန်းမာရေးအတွက် ဖြစ်သည်ကို သိရှိလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အရေးကြီးပါသည်။

 

ဆေးလိပ်ဖြတ်ကြပါစို့

ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်များမှာ ကင်ဆာရောဂါ၊ အဆုတ်နှင့်သက်ဆိုင်သည့် ရောဂါများ၊ နှလုံးနှင့် သက်ဆိုင်သည့်ရောဂါများ၊ ဦးနှောက်နှင့် သက်ဆိုင်သည့်ရောဂါများ ဖြစ်ပွားရုံသာမက ခန္ဓာကိုယ် တစ်ခုလုံးနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုစနစ်များ အပေါ်တွင်ပါ သက်ရောက်မှုများ ရှိနေခြင်းတို့ကြောင့် ဆေးလိပ်သောက်ခြင်းသည် လူ့သက်တမ်းစေ့နေထိုင် နိုင်ရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေသည်မှာ အငြင်းပွားဖွယ်ရာ မရှိပေ။ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်သည်လည်း အဆုတ်နှင့်ပတ်သက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သော ကြောင့် အဆုတ် သို့မဟုတ် ကိုယ်ခံစွမ်းအားနည်းစေမည့် အရာမှန်သမျှကို ရှောင်ကြဉ်ကြရန်နှင့် မရှောင်ကြဉ်ပါက များပြားလှသည့် အန္တရာယ်များ ဆိုက်ရောက်လာမည် ဖြစ်ကြောင်း၊ အဆိုပါအချက်ကိုသိရှိလိုက်နာခဲ့မည်ဆိုပါက ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်နိုင်ရန် အခွင့်အလမ်းပိုရှိလာမှာ ဖြစ်သည့်အတွက် ဆေးလိပ် သို့မဟုတ် အီးစီးကရက် သောက်သုံးနေမှုကို အခုပဲ ဖြတ်လိုက်ကြစေလိုကြောင်း အမေရိကန်ကလေးသူငယ် မူးယစ်ဆေးဝါး ကင်းစင်ရေးအဖွဲ့ဥက္ကဋ္ဌ Matthew Myers က ပြောကြားထားပါသည်။ ထို့ကြောင့် မိမိသည် ဆေးလိပ်၊ သို့မဟုတ် အီးစီးကရက်ကို လက်ရှိသောက်သုံးနေသူဖြစ်ပါက ဆေးလိပ်မသောက်ရေးနေ့မှစ၍ သောက်သုံးခြင်းကို ရပ်သင့်၊ ဖြတ်သင့်ပါသည်။

 

အကြံပြုတိုက်တွန်းချက်

အစိုးရပိုင်းအနေဖြင့် ပြည်ပဈေးကွက်များမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးတင်သွင်းမှုကို ကန့်သတ်ထိန်းချုပ်ခြင်း၊ လူငယ်လူရွယ်များကို ဆေးလိပ်မရောင်းရန် စတိုးဆိုင်များကိုတားမြစ်ခြင်း၊ တရားမဝင်ဆေးလိပ် ကြော်ငြာမှုများကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူခြင်းနှင့် ဆေးလိပ်သောက်သည့် ဇာတ်လမ်းပြကွက်များကို ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်များ၌ မဖော်ပြရန်တားမြစ်ခြင်း စသည့်အချက်များကို ယခုထက်ပို၍ တင်းတင်းကျပ်ကျပ် ပြုလုပ်သင့်ပါသည်။ ထို့အပြင် အများပြည်သူ သွားလာနေထိုင်သည့်နေရာများ၌ ကြီးကြပ်မှုနှင့် တရားဥပဒေ စိုးမိုးမှုကို ခိုင်မာအောင်ဆောင်ရွက်ခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၏ အန္တရာယ်များကို အများပြည်သူ သိရှိစေရေးအတွက် ဆေးလိပ်သောက်သုံးမှု တားမြစ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အစီအစဉ်များ တိုးမြှင့်ပြုလုပ်ခြင်း စသည့်အချက်များကိုလည်း လုပ်ဆောင်သင့်ပါသည်။

 

စာရေးသူအနေဖြင့် ဆေးလိပ်သောက်သုံးခြင်း မရှိသူများကို ဆေးလိပ်သောက်သည့် အလေ့အထများ အစပျိုး မလုပ်ဆောင်ကြရန်၊ လက်တည့်မစမ်းမိကြစေရန်နှင့် second-hand smoker များမဖြစ်အောင် သတိထား နေထိုင်ကြရန် တိုက်တွန်းလိုပါသည်။ ဆေးလိပ်သောက်သုံးသူများကိုတော့ ဆေးလိပ်မသောက်ရ နယ်မြေ စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်နှင့် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ပတ်ဝန်းကျင်ရှိ မိသားစုများ၊ သူငယ်ချင်း အပေါင်းအသင်းများ၏ ကျန်းမာရေး မထိခိုက်စေရေးနှင့် လူ့သက်တမ်းစေ့ နေနိုင်ကြစေရေးတို့အတွက် ငဲ့ညှာပြီး ဆေးလိပ်ဖြတ်ကြရန် အကြံပြု တိုက်တွန်းလိုက်ရပါသည်။    ။