မဲခေါင်- လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းမြေသားလမ်း ဂျင်းခင်းခြင်းလုပ်ငန်းများပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် စက်တင်ဘာ ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကလေးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားနှင့် မိသားစုစားဝတ်နေရေး ထိခိုက်မှုများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ မဲခေါင်- လန်ချန်းအထူးရန်ပုံငွေ Action Planအရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်း မြေသားလမ်း ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့် နှင့်တာဝန်ရှိသူများမှ ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ခရိုင်ဦးစီးမှူးက ဆွေးနွေးမှာကြားသည်။

 

 

ကလေးကျေးရွာတွင် မြေသားလမ်းပြုပြင်၍ ဂျင်းခင်းခြင်းလုပ်ငန်းမှာ အရှည် ၂၃၃၀ပေ၊ အကျယ် ၁၁ ပေ ထု ၉လက်မရှိပြီး ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် မဲခေါင်- လန်ချန်းအထူးရန်ပုံငွေကျပ်သိန်း ၁၀၀ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူ အညီဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဇူလိုင်လအတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ အိမ်ခြေ ၃၅၀အိမ်မှ လူဦးရေ ၁၃၆၇ဦးတို့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

 

ငြိမ်းသူ