မြစ်သားမြို့နယ်တွင် ငှက်ပျောသီးအထွက်ကောင်းသော်လည်း ယခုကာလအတွင်း ပွဲစားများ အဝယ်မလိုက်သည့် အတွက် ရောင်းဈေးကျဆင်းလျက်ရှိ

မြစ်သား   ၂၆    စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ ငှက်ပျောစိုက်တောင်သူများ အနေ ဖြင့် ငှက်ပျောသီး အထွက်ကောင်းသော်လည်း ယခုကာလအတွင်း ပွဲစားများအဝယ်မလိုက်သည့်အတွက် ရောင်းဈေးကျဆင်းလျက်ရှိကာ ဈေးကွက်တင်ပို့ရန်အခက်အခဲများရှိကြောင်း သိရသည်။

 

မြစ်သားမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် စိုက်ပျိုးသည့်ငှက်ပျောမှာ ဖီးကြမ်း(ဖီးကြီး)အမျိုးအစား ဖြစ်ပြီး ယခင်နှစ် ဝါဆိုလတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ယခုနှစ် ဝါဆိုလတွင် ခုတ်ရောင်း နေရပြီ ဖြစ်ကြောင်း၊ တစ်ဧက ၁ ပင်တန်းစိုက်လျှင် ငှက်ပျောစို့ပင်ရေ  ၆၅၀  စိုက်ရကြောင်း၊ တစ်ဧက  ၂ ပင်တန်း စွယ်စုံစိုက်လျှင် ငှက်ပျောစို့ပင်ရေ ၈၀ဝ ခန့်စိုက်ရကြောင်း၊

 

တစ်ဧကအထွက်နှုန်းမှာ ငှက်ပျောအထွက်ကောင်းလျှင် အခိုင်ကြီး ၄၀ ပါ နွားလှည်း(၁၅)စီး၊ သင့်လျှင် (၁၃)စီး ထွက်ကြောင်းနှင့် စွယ်စုံငှက်ပျောဆိုလျှင် လှည်းစီးရေ(၁၈)စီးခန့်ထွက်ရှိပြီး ယခင်က ငှက်ပျောအခိုင် (၄၀)ပါ နွားလှည်းတစ်စီးအား ငွေကျပ် တစ်သိန်းခွဲရရှိသော်လည်း ယခုကာလအတွင်း ပွဲစားများမှ အဝယ်မလိုက်သည့်အတွက် ဈေးကွက်သို့ တင်ပို့ရန်အခက်အခဲရှိသောကြောင့် ကိုယ်တိုင် ရွာစဉ်လှည့်ကာ လိုက်လံရောင်းချနေရပြီး ယခင်ကထက် ရောင်းဈေးကျဆင်းလျက်ရှိကြောင်း ငှက်ပျောစိုက် တောင်သူ ဦးကျော်သောင်းမှ ပြောသည်။

 

ငှက်ပျောစိုက် တောင်သူများအနေဖြင့် ယခုကာလအတွင်း ငှက်ပျောသီးရောင်းဈေးကျဆင်းလျက် ရှိသော်လည်း စီးပွားရေးအနေဖြင့် ပုံမှန်သာရှိပြီး စားဝတ်နေရေးအခက်အခဲမရှိကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)