မြစ်သားမြို့တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

မြစ်သား ၆ ဇူလိုင်  

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ ရွှေသူဌေးရပ်ကွက် အရှေ့ဆန်စက်ဝန်းတွင် ယမန်နေ့ညနေ ၆ နာရီက မီးလောင်မှုဖြစ်ပွားကြောင်း တယ်လီဖုန်းသတင်းအရ မြစ်သားမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅) ဦးဖြင့် သွားရောက်ငြှိမ်းသတ်ရာ ညနေ ၆ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ မြစ်သားမြို့၊ ရွှေသူဌေးရပ်ကွက်၊ အရှေ့ဆန်စက်ဝန်းနေ အိမ်ငှားဖြစ်သူ မမိုမိုကို၏ နေအိမ်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး နေအိမ်ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုကြောင့် ပေ (၂၀ X၁၀)ပေ ပတ်လည် တစ်ထပ်လူနေအိမ်တစ်လုံး၊ ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မမိုမိုကိုအား မြစ်သားမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

ဆုမွန်(ပြန်/ဆက်)