မြစ်သားတွင် Covid-19 ကြိုတင်ကာကွယ်နိုင်ရေး ကုန်တင်ယာဉ်ကြီးများအတွက် ယာယီယာဉ်ရပ်နားစခန်း  ဖွင့်လှစ်ထားရှိ

မြစ်သား  ၁  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်အတွင်း Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ အတွက် ယာယီယာဉ်ရပ်နားစခန်းဖွင့်လှစ်ကာ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

မြစ်သားမြို့အတွင်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွား လာမှုနှင့်ပတ်သက်၍ စံသတ်မှတ်ချက် (Standard Operating Pr0cedure-SOP) ပါအတိုင်း စနစ်တကျလိုက်နာမှု ရှိစေရေးအတွက် ယာယီ ယာဉ်ရပ်နားစခန်းကို ရေဝန်းကျေးရွာနှင့် လက်ညှိုးထိုးဂိတ်အကြားတွင် စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ကုန်တင်ယာဉ်ကြီးများအား မြို့အတွင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်ခြင်းမပြုဘဲ ယခုဖွင့်လှစ်ထားသည့် ယာယီယာဉ်ရပ်နားစခန်းသို့၀င်ရောက်ပြီး ကျန်းမာရေး စစ်ဆေး၍ (Swab)ရယူပြီး Negative အဖြေရရှိမှ ပြန်လည်မောင်းနှင်စေမည်ဖြစ်ရာ လိုက်နာမှုမရှိဘဲ မြို့အတွင်း၊ ကျေးရွာအတွင်း ဝင်ရောက်ရပ်နားပြီး နေထိုင်ပါက Quarantine (၁၄)ရက်ဝင်ရမည် ဖြစ်ကြောင်း၊ သတင်းပို့ရန် ပျက်ကွက်ပါက ဉပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အဆိုပါ ယာယီယာဉ်ရပ်နားစခန်းထားရှိရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့်မော်တော်ယာဉ်ကြီးများအပြင် အခြားယာဉ်များ ကိုလည်း မြို့အဝင်/အထွက်များတွင် မော်တော်ယာဉ် စစ်ဆေးရေး ဂိတ်(၃)ခုဖွင့်လှစ်ကာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ည ၁၀ နာရီ အထိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆုမွန်(ပြန်/ဆက်)