မှော်ဘီမြို့သို့ ရောက်ရှိနေသော ချင်းပြည်နယ် ပလက်ဝမြို့မှ စစ်ဘေးရှောင်များအတွက် ဧရာဝတီဖောင်ဒေးရှင်းက ထောက်ပံ့ကူညီ

ရန်ကုန်   ၂၇ မေ

 

ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်သို့ ရောက်ရှိနေသော ချင်းပြည်နယ် ပလက်ဝမြို့မှ စစ်ဘေးရှောင်မိသားစုများကို ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်နှင့် အတူ မှော်ဘီမြို့နယ် စာဖြူစုရပ်ကွက်သို့ သွားရောက်ကာ စစ်ဘေးရှောင်မိသားစုများကို တွေ့ဆုံအားပေးကာ အိမ်ထောင်စုတစ်ခုလျှင် ကျပ် တစ်သိန်းစီ၊ ဆန်၊ ဆီ အပါအဝင် အစားအသောက်များ ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး အခက်အခဲများ အဆင်ပြေစေရန် ထောက်ပံ့ကူညီခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စတင်တွေ့ရှိကတည်းက လိုအပ်သည့် နေရာများသို့ လှူဒါန်းလျက်ရှိသလို ယခုအခါ စစ်ဘေးရှောင်မိသားစုများအား ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ စွမ်းစွမ်းတမံ ပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး