မော်စကိုမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များနေတဲ့အတွက် ကျောင်းပိတ်ရက်တွေ တိုးလိုက်ကြောင်း သိရ

၂၉ စက်တင်ဘာ

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများနေတဲ့အတွက် ဗိုင်းရပ်စ်ထိန်းချုပ်ရေး စည်းမျဉ်းတွေအရ ကျောင်းပိတ်ရက်တိုးလိုက်ကြောင်း မြို့တော်ဝန်က ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မော်စကိုမြို့မှာ စက်တင်ဘာလ လယ်မတိုင်မီက တစ်နေ့လျှင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇၀၀ ခန့် တွေ့ရှိနေရာမှ လလယ်ပိုင်းတွင် ပိုးတွေ့သူ နေ့စဉ် ၂,၃၀၀ ဦးအထိ ရှိလာကြောင်း ဒီနေ့ကြေညာချက်မှာ ပါရှိပါတယ်။

ရုရှားတစ်နိုင်ငံလုံးမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈,၂၃၂ ဦးရှိကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မော်စကိုမြို့တော်ဝန်က မော်စကိုမြို့အတွင်းရှိ ကျောင်းတွေကို လာမယ့်တနင်္လာနေ့စပြီး ကျောင်းပိတ်ရက် သီတင်းနှစ်ပတ်ပိတ်မှာဖြစ်ကြောင်း၊ ကလေးငယ်တွေဟာ အိမ်မှာဘဲနေဖို့ မိဘတွေကို တိုက်တွန်းကြောင်း၊ ကလေးငယ်တွေအား ရှော့ပင်းမောတွေ မသွားရေးနဲ့ အများသုံးယာဉ်တွေ မသုံးရေးကိုပါတယ် တိုက်တွန်းထားပါတယ်။

မြို့တော်ဝန်ဆက်ပြောတာက ဗိုင်းရပ်စ်ပိုးရဲ့ ရောဂါလက္ခဏာမပြဘဲ ကလေးငယ်တွေ ကူးစက်ခံနေတာတွေရှိကြောင်း၊ ရောဂါပိုးရှိတဲ့ ကလေးငယ်တွေကနေ အသက်အရွယ်ကြီးသူတွေ ကူးစက်မှုဖြစ်ပွားနိုင်ကြောင်း၊ ကျောင်းပိတ်ရက်ကို အခွင့်အရေးအနေနဲ့ အသုံးချပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို လျော့ချအောင်လုပ်ရန် ဆိုရှယ်မီဒီကနေတစ်ဆင့် ပြောကြားပါတယ်။

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁ ဒသမ ၂ သန်းထဲမှ ၂၀,၅၄၅ ဦးဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

MDN

ကိုးကား - AFP