မောက်မယ်ဒေသထွက်ရှောက်ချိုသီးများ စျေးကွက်တွင် စျေးကောင်းရလျက်ရှိ

မောက်မယ် ၂၅ စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် ဒေသထွက်ကုန်ဖြစ်သော ရှောက်ချိုသီး လှိုင်လှိုင်ပေါ်ချိန် စျေးကွက်တွင် စျေးကောင်းပေးဝယ်ယူသဖြင့် ရှောက်ချိုစိုက်တောင်သူများ အဆင်ပြေကြပြီး တောင်ကြီးစျေးကွက်သို့ ကားကြီးကားငယ်များဖြင့်တင်ပြီး ရွေ့လျားရောင်းချခြင်းဖြင့်လည်း ပုံမှန်ဝင်ငွေများရရှိကာ တစ်ဆင့်ပြန်လည်ရောင်းချသူများအနေ ဖြင့်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

တောင်ကြီးစျေးကွက်တွင် ရှောက်ချိုသီးရောင်းချသူများအနေဖြင့်  အလုံးကြီးတစ်လုံးလျှင် ငွေကျပ် ၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ငွေကျပ်  ၅၅၀၊ အလုံးငယ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၊ ရောင်းချလျက်ရှိကြောင်းသိရသည်။

 

နှစ်စဉ်ရှောက်ချိုသီးပေါ်ချိန် တော်သလင်း/သီတင်းကျွတ်လတွင် မောက်မယ်မြို့၏ တောင်ဘက် (၆)မိုင်ကျော်ခန့်ရှိ နမ့်လွတ်ကျေးရွာအုပ်စု၊ ဖာဟင်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဝမ်နား ကျေးရွာနှင့် ကဒူးလေးကျေးရွာများ၌ အများအပြား စိုက်ပျိုးထားရှိသော ရှောက်ချိုစိုက်ခင်းများသို့ ရှောက်ချိုကုန်သည်များသွားရောက်၍ ခြံလိုက်အလုံးပြတ်ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)