မော်လိုက်မြို့နယ် ကလေးဝ-မော်လိုက်ကားလမ်း၌ တန်ချိန်ဝန်ပိုတင်လာသော ကားတစ်စီးဖြတ်မောင်းစဉ် တံတားတစ်စင်းကျိုးကျမှုဖြစ်ပွား

မော်လိုက် သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကလေးဝ-မော်လိုက်ကားလမ်း၌ ယနေ့ နံနက်ပိုင်းက ကုန်တန်ချိန်ပိုမိုတင်ဆောင်လာသော ကုန်းတင်ကားတစ်စီး ဖြတ်သန်းမောင်းနှင်စဉ် ပေ(၅၀)တံတားတစ်စင်း ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက ယာဉ်မောင်း ဦးစိုးသန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးသိန်းဝင်း လိုက်ပါလာသည့် (၁၂)ဘီးယာဉ်တစ်စင်းသည် ဒီဇယ်ပေပါ အလုံး(၈၀)၊ ဆန်အိတ် (၅၀)၊ ရွှေလုပ်ငန်းတွင်အသုံးပြုသည့် ကလပ်ခုံ (၅)ခုံနှင့် စားသောက်ကုန်(ကုန်စုံ)များ တင်ဆောင်ပြီး မုံရွာမှ နမ့်တော်သို့ မောင်းနှင်လာစဉ် ကလေးဝ-မော်လိုက်ကားလမ်း မော်လိုက်မြို့အဝင် မိုင်တိုင်အမှတ် (၃၂/၃)ရှိ တံတားညီနောင်တံတား (ခံနိုင်ဝန် ယာဉ်+ကုန် ၁၀ တန်)မှ ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျပျက်စီးခဲ့ပြီး (၁၂)ဘီးယာဉ်မှာ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားကျိုးကျ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ (၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် တံတားခံနိုင်ဝန်ထက် ကုန်များပိုမိုတင်ဆောင်ကာ ယာဉ်အား တံတားကျိုးကျပျက်စီးအောင် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးစိုးသိန်းအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လိုက်သားလေး