မော်လူးမြို့တွင် တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချသည့် လွယ်ပလိုင်းခြင်းများ အရောင်းအဝယ်ဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် ပွင့်လင်းရာသီချိန် လွယ်ပလိုင်းခြင်း အမျိုးမျိုးကို တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းဝယ်ကြသူများ အရောင်းအဝယ်ဖြစ်ကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မော်လူးဒေသထွက် လွယ်ပလိုင်းခြင်းအမျိုးမျိုး ရောင်းဝယ်သူ မော်လူးမြို့နေ ဒေါ်ဝင်းမာအေးက “ကိုယ်တိုင်လည်း ရက်လုပ်သလို နေ့စား၊ အလုံးစားတွေလည်း ငှားပါတယ်၊ မြန်ပြည်အထက်ပိုင်းနှင့် အောက်ပိုင်း အရပ်ဒေသတွေလည်း ရောင်ချပေးပါတယ်၊ အဓိကတော့ မြစ်ကြီးနားမြို့ပေါ်နဲ့ ဗန်းမော်မြို့၊ လိုင်ဇာမြို့တွေကို ဖောက်သယ်ပို့ ရောင်းချပေးပါတယ်၊ ဝါးပလိုင်း လွယ်ခြင်းတွေကို မော်လူးဒေသကပဲ အဓိကရက်လုပ်တာပါ၊ ကျွန်မတို့ မင်းဇေယျာရပ်ကွက် (အရှေ့စုရပ်)မှာ နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် တစိုက်မတ်မတ် လုပ်ကိုင်လာတာ ယနေ့အထိပါပဲ၊ ခိုင်ခံ့ပေါ့ပါးတယ်၊ ဈေးနှုန်းလည်း ချိုသာတာမို့ နိုင်ငံခြား ခရီးသွားတွေကလည်း အထူးစိတ်ဝင်စား ဝယ်ယူကြတာပါ၊ ရွှေဘိုမြို့တောင် စေတီပွဲ၊ မန္တလေမြို့ အမရပူရ ပွဲတော် ချိန်ကစပြီး အခုလို ပွင့်လင်းရာသီချိန်အထိ အရောင်းအဝယ် ဖြစ်ထွန်းပါတယ်” ဟု ပြောသည်။

အဆိုပါ ပလိုင်းလွယ်ခြင်းများကို မော်လူးဒေသထွက် သင်းဝါး၊ ဝါးပါး ဝါးမျိုးဖြင့်သာ အဓိကထား ရက်လုပ်ရကြောင်း၊ ပလိုင်းလွယ်ခြင်း ယက်လုပ်ရာတွင် အရွယ်အစားပေါ် မူတည်ပြီး ကနဦး တစ်ဆစ်ပိုင်း၊ နှစ်ဆစ်ပိုင်း၊ ပိုင်းဖြတ်၍ အစိမ်းရောင် ဝါးခွံများ ခြစ်ပယ်ရကြောင်း၊ ယင်းအခွံ ခြစ်ထားသော ဝါးလုံးအပိုင်းများကို နေလှမ်းခြင်း၊ နှီးကြမ်းဖျာခြင်း ပြုလုပ်၍ မှိုမတက်စေရန် တစ်ရက်တိုင် နေလှမ်းပြီး စနစ်တကျ ထုပ်ပိုးရကြောင်း၊ 

 

တစ်ပြည်ဆံ့ လွယ်ပလိုင်းခြင်းမှ ငါးပြည်ဆံ့ လွယ်ပလိုင်းခြင်းအထိ ဆိုက်အမျိုးမျိုးရှိသော သစ်သားပုံစံခွက်ပေါ်တွင် ခွာရိုက်၍ နှစ်ထပ်ယက်လုပ်ပြီး အနုစိတ် အလှပုံဖော်ကာ အသင့်ရက်လုပ်ပြီးသော လွယ်ပလိုင်းကြိုး တပ်ဆင်ပြုလုပ်ခြင်းဖြင့် အဆင့်ဆင့် ရက်လုပ်ရကြောင်း၊

နေ့စားအငှား ယက်လုပ်သူများမှာ တရက်လျှင် အသေးလွယ်ပလိုင်းခြင်း အလုံး ၃၀၊ အကြီးလွယ်ပလိုင်းခြင်း ၁၀ လုံးအထိ ပြီးကြောင်း၊ တစ်ရက်လုပ်အားခ ကျပ် ၃၅၀ဝ မှ ၅၀ဝ၀ ခန့်ရရှိကြောင်း၊ ကိုယ်တိုင် ဝါးခုတ်ရက်လုပ်ရောင်းပါက တစ်ရက်လျှင် ကျပ် ၇၅၀ဝ ခန့် ရရှိသောကြောင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် ဒေသခံများက ခေတ်အဆက်ဆက် လုပ်ကိုင်ကြကြောင်း သိရသည်။

 

နီတိုး