မြောင်းမြမြို့ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်စင်တာဖွင့်လှစ်ရန် အလှူငွေများပေးအပ်

မြောင်းမြ ၄ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်စင်တာ ဖွင့်လှစ်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်၊ မြောင်းမြ ခုတင် ၂၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦး အထူးကု ဆရာကြီး ဆရာမကြီးများ၊ ဆေးရုံကြီးကြပ်မှုကော်မတီဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

ကျောက်ကပ်စင်တာအတွက် ရွှေဥဒေါင်းရွှေဆိုင်မှ ဦးကျော်ထွန်း၊ ဒေါ်မြင့်မြင့်သန်း မိသားစုက အလှူငွေ ကျပ်သိန်း ၅၀၀ အပါအဝင် အလှူရှင် (၇)ဦးတို့က စုစုပေါင်း ကျပ်သိန်း ၁၄၃၅ သိန်းအား လှူဒါန်းရာ ဒေါက်တာသန်းမင်းထွဋ်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြောင်းမြမြို့ ကျောက်ကပ်စင်တာကို မြောင်းမြပြည်သူ့ဆေးရုံကြီးရှိ (အလျား ပေ ၄၄၊ အနံ ပေ ၃၄) ယခင်ဆေးသိုလှောင်ခန်းအား ပြန်လည်ပြုပြင်မွမ်းမံပြီး ကျောက်ကပ်သန့်စင်စက် (၅)လုံးထားရှိကာ ကျောက်ကပ်ဝေဒနာရှင်များအား လက်ခံကုသပေးသွားမည်ဖြစ်ပြီး မကြာမီ ဖွင့်လှစ်အသုံးပြုနိုင်ရေးအတွက် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)