မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံး

မြောင်းမြ ၆ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာတွင် အမျိုးသားတစ်ဦး နေထိုင်ရာအိမ်၌ လည်ပင်း၌ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က သေဆုံးသူ ဦးအောင်ဌေး (၄၁)နှစ်၏ ဇနီး ဒေါ်ကြည်သိန်း(၄၀)နှစ်သည် လယ်ထဲ ကောက်စိုက်သွားပြီး နေ့လယ် ထမင်းစားချိန် အိမ်ပြန်တက်လာစဉ် အိမ်အရောက်၌ လင်ယောက်ျားဖြစ်သူ ဦးအောင်ဌေးမှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ အနီးတွင်လည်း တောခုတ် ဓါးမတစ်ချောင်း တွေ့ရကြောင်း၊ ရာအိမ်မှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ခဲ့သည်။

 

သတင်းပေးပို့ချက်အရ မြောင်းမြမြို့နယ် ကညင်ကိုင်း ရဲကင်းစခန်းမှ တာဝန်ရှိသူများရောက်ရှိကာ သေဆုံးသူအား မြောင်းမြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့်  သေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် မြောင်းမြရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင် ပြန်ဆက်(မြောင်းမြ)