မြောင်းမြတံတား သစ် သံပေါင်တင်၊ နောက်ဆုံးအစိတ်အပိုင်းတပ်ဆင်

နေပြည်တော်  ၁၃  ဇန်နဝါရီ  

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းပေါ်တွင် ရွေးမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် မြောင်းမြတံတားသစ် သံပေါင်တင်၊ နောက်ဆုံးအစိတ်အပိုင်းတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းခွင် မြောင်းမြဘက်ကမ်း၌ ကျင်းပသည်။ 

 

အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်နှင့် ဒုတိယဝန်ကြီးဦးကျော်လင်းတို့က Servey Data များ စမ်းသပ်ချက်မှ တွေ့ရှိချက် Final ရလဒ်ကိုကြည့်ပြီး တံတား၏ခိုင်ခံ့မှုကို အတည်ပြုပေးသည်။ ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူနှင့် မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး တို့က သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး မင်္ဂလာအချိန်တွင် သံပေါင်တင်နောက်ဆုံးအစိတ်အပိုင်းကို ပထမအဆင့် တပ်ဆင်ပေးပြီး ပရိတ်ရေဖြင့် ပက်ဖျန်းပေးကြသည်။

 

DJI_0358

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဧရာဝတီ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ မြောင်းမြမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းထွန်းကြိုင်၊ မြောင်းမြမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်ဝင်းနှင့် တံတားဦးစီး ဌာန၊တည်ဆောက်ရေးအဖွဲ့ (၁)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်းတို့က သတ်မှတ်နေရာများတွင် အသီးသီးနေရာယူပြီး မင်္ဂလာအချိန်တွင် သံပေါင်တင် နောက်ဆုံးအစိတ်အပိုင်းအားဒုတိယအဆင့်အနေဖြင့် Torque Shear Wrench ကိရိယာအသုံးပြု၍ အပြီးသတ် တပ်ဆင်ပေးပြီး ပရိတ်ရေဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး သံပေါင်တင် နောက်ဆုံး အစိတ်အပိုင်း တပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 

ယခုတည်ဆောက်နေသည့် မြောင်းမြ တံတားသစ်ကြီးအား ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဆက်စပ်ထူထောင်ထားသော J&M Steel Solution မှ အသေးစိတ်ဒီဇိုင်းရေးဆွဲ၍ သံပေါင်များ ထုတ်လုပ်ပေးလျက်ရှိပြီး ပင်မတံတားအပိုင်းအား ခေတ်မီနည်းပညာသစ်  Steel Truss Deck Type အမျိုးအစားဖြင့် တည်ဆောက်ထားသည်။

 

တံတားသစ်ကြီးအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ယူပြီး ၂၀၁၇ခုနှစ် မေလ ၁ ရက်နေ့မှ လုပ်ငန်း များစတင်ကာ ၂၀၁၉ ခုနှစ်၊ မတ်လအကုန်တွင် အပြီးတည်ဆောက်နိုင်ရေး စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ မကြာမီ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခေတ်မီခန့်ညားခိုင်ခန့်လှပသော တံတားတစ်စင်းပေါ်ထွန်းလာတော့မည်ဖြစ်ကြောင်း သိရှိရသည်။       

 

(သတင်းစဉ်)

 

DJI_0361