မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ ပြောတဲ့အခါတိုင်းကျွေးချင်တယ်။ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံ သိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ ပတ်သက်လို့ မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား……..

 

အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ………

 

ဘေဘီလေးတွေရဲ့ အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဒါကြောင့်လည်း အကျိုးပြု ဘက်တီးရီးယားလို့ ခေါ်တာပေါ့။

 

အကျိုးပြုဘက်တီးရီးယား ဘယ်နှမျိုးရှိလဲ…….

 

Probiotics အမျိုးအစားက တစ်မျိုးမက ရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –

 

Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။

 

Bifidobacterium – ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတာများပါတယ်။ irritable bowel syndrome (IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

 

Saccharomyces boulardii – ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

 

ဘယ်နေရာတွေမှာရှိနေနိုင်လဲ..

 

များသောအားဖြင့်ကတော့ အစာခြေစနစ် အူလမ်းကြောင်းတလျှောက်နဲ့ အူမကြီးထဲမှာ ရှင်သန် နေထိုင်ကြပါတယ်။

 

ဘာတွေလုပ်ပေးလဲ………

 

အကျိုးပြုဘက်တီးရီးယားတွေက အမျိုးအစား အမျိုးမျိုးကွဲပြားသလို ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ပုံစံချင်းလည်းမတူကြပါဘူး။

 

          ခန္ဓာကိုယ်တွင်းက ဘက်တီးရီးယားတွေရဲ့ အရေအတွက်ကို ထိန်းညှိပေးတယ်။

 

          အာဟာရစုပ်ယူမှုကောင်းစေတယ်။

 

          ဝမ်းမချုပ်အောင် ကာကွယ်ပေးတယ်။

 

          အစာခြေစနစ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးတယ်။

 

          ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတယ်။

 

  ခန္ဓာကိုယ်အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတယ်။

 

          ကိုယ်ခံအားစနစ် ကောင်းမွန်အောင်လှုံ့ဆော်အားဖြည့်ပေးတယ်။

 

အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက်ဘေးကင်းပါ့မလား…….

 

အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက် ဘေးကင်းပါတယ်။ လုံလောက်တဲ့ ပမာဏဖြစ်ဖို့တော့ လိုတာပေါ့။ အကျိုးပြုဘက်တီးရီးယားလေးတွေကို လုံလောက်စွာရရှိမှုက ဘေဘီလေးကို အစာခြေစနစ် ကျန်းမာပြီး ကိုယ်ခံအားကောင်းတဲ့ ကလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာစေမှာပါ။

 

ဘယ်သူလေးတွေက အဓိကလိုအပ်မလဲ……..

 

ဘေဘီလေးတိုင်းက အကျိုးပြုဘက်တီးရီးယားကို လိုအပ်တယ်ဆိုပေမယ့် ဒီလိုမျိုးဘေဘီလေးတွေက ပိုလိုအပ်ပါတယ်။

 

ခွဲမွေးထားတဲ့ ဘေဘီလေးတွေ – ခွဲမွေးတဲ့ကလေးလေးတွေက မွေးလမ်းကြောင်းကို ဖြတ်သန်းမှု မရှိခဲ့တာကြောင့် မေမေ့ရဲ့မွေးလမ်းကြောင်း တလျှောက်မျာရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေး တွေကို တပါတည်း ယူမလာနိုင်ခဲ့ကြပါဘူး။ဒါကြောင့် ခွဲမွေးထားတဲ့ ကလေးလေးတွေက အကျိုးပြုဘက်တီးရီးယားကို ရိုးရိုးမွေးတဲ့ကလေးလေးတွေထက် ပိုလိုအပ်ပါမယ်။

 

ပဋိဇီဝဆေး သောက်သုံးနေရတဲ့ ဘေဘီလေးတွေ –  ပဋိဇီဝဆေးဝါးတွေ သောက်သုံးနေရမှုက ဘေဘီလေးရဲ့ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားနည်းစေနိုင်ပါတယ်။ ဒီလိုအားနည်းမှုက ဘေဘီလေးကို ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အစာခြေစနစ်အားနည်းတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ လေနာတာနဲ့ ဝမ်းချုပ်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

 

နို့ဗူးသောက်နေတဲ့ ဘေဘီလေးတွေ – မေမေကအလုပ်များလို့ဆိုပြီး နို့ဗူးသောက်နေရတဲ့ ဘေဘီလေး တွေက မေမေ့နို့ကနေတဆင့် အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာရရှိမယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေတာပါ။ဒါကြောင့် နို့ဗူးသောက်နေရတဲ့ ဘေဘီလေးတွေလည်း အကျိုးပြု ဘက်တီးရီးယားကို လိုအပ်မှာပါ။

 

ဘယ်လိုများ အကျိုးပြုတာလဲ..

 

အကျိုးပြုဘက်တီးရီးယားတွေက ဘေဘီလေးကို

 

          အစာခြေစနစ်ကျန်းမာစေမယ်

 

          လေနာ သက်သာစေမယ်

 

          အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါတွေကင်းစေမယ်

 

          အာဟာရစုပ်ယူမှု ကောင်းစေမယ်

 

          ဝမ်းမှန်စေမယ်

 

          အရေပြားပြဿနာ ကင်းစေမယ်

 

          ဝမ်းပျက်ဝမ်းလျှောကင်းစေမယ်

 

          ခံတွင်းကျန်းမာစေမယ်

 

          စိတ်ခံစားမှုကောင်းစေမယ်

 

          ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေမယ်

 

          ဖျားနာမှုကင်းစေပြီး ကိုယ်ခံအားကောင်းစေမယ် စတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေနိုင်မှာပါ။

 

ဘာတွေကနေ ရရှိနိုင်မလဲ…….

 

အကျိုးပြုဘက်တီးရီးယားတွေကို

 

          မိခင်နို့

 

          ဒိန်ချဉ်

 

          မိဆို

 

          ကင်မ်ချီ

 

          ချိစ်

 

          အကျိုးပြုဘက်တီးရီးယား ဖြည့်စွက်ထားတဲ့ အစားအစာတွေကနေရရှိနိုင်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်