မြေနုကျွန်းပဋိပက္ခတွင် ပျောက်ဆုံးကွယ်လွန်သူများအား ရည်စူး၍ ရက်လည်ဆွမ်းသွပ်

ရေနံချောင်း  ၂၉  ဇူလိုင် 


ရေနံချောင်းမြို့နယ်၊ မြေနုကျွန်း ပဋိပက္ခတွင် ပျောက်ဆုံးကွယ်လွန်သူများအား ရည်စူး၍ ဇူလိုင်လ(၂၉)ရက် နံနက် (၇)နာရီက ဖရဲကျွန်းကျေးရွာတောင်ဘက် မြစ်ဆိပ်အနီးတွင် ရက်လည်ဆွမ်းသွပ်  ပြုလုပ်ခဲ့ကြောင်း သိရသည်။


"(၃၈)ဦး ပျောက်ဆုံးကွယ်လွန်တဲ့အတွက် သံဃာတော်(၃၈)ပါးပင့်ဖိတ်ပြီး ရက်လည်ဆွမ်းတရားနာတာပါ။  ကျေးရွာက ဆရာတော်သံဃာတော်တွေ၊ ရပ်မိရပ်ဖတွေကကြီးမှူးပြီး ပျောက်ဆုံးကွယ်လွန်သွားတဲ့(၃၈)ဦးရဲ့ မိသားစုဝင်တွေ စုပေါင်းလုပ်တာပါ " ဟု ဖရဲကျွန်းကျေးရွာနေ ဦးသန်းဦး က ပြောသည်။


အဆိုပါလှူဒါန်းမှုတွင် သံဃာတော်တစ်ပါး ဝတ္ထုငွေ(၂၀ဝ၀ဝ)ကျပ်၊ သင်္ကန်းတစ်စုံစီနှင့် ဆွမ်းဒါနများ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။


၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းက မာန်မြေကျေးရွာအုပ်စု ဖရဲကျွန်းကျေးရွာသားများနှင့် ကျမ်းကိုင်းကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာသားများအကြား မြေနုကျွန်းကိစ္စနှင့် ပတ်သက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဖရဲကျွန်းကျေးရွာသူ၊ ရွာသားများစီးနင်းသည့် မော်တော် တိမ်းမှောက်နစ်မြုပ်ခဲ့ကာ လူပေါင်း ၃၈ ဦးအနက် ၂၆ ဦးသေဆုံးအလောင်းပြန်လည်ရရှိခဲ့ကြောင်း ကျန် ၁၂ ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။


ဇေယျတု(မကွေး)