မီးလောင်မှုဖြစ်စဉ်အများဆုံးနှင့် ဆုံးရှုံးမှုတန်ဖိုးအများဆုံးဖြစ်နိုင်သည့် ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ကသာ  ၂၂   ဖေဖော်ဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိမ်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဈေးသူ/သားများနှင့် ဒေသခံပြည်သူများအား မီးလောင်မှုဖြစ်စဉ်အများဆုံးနှင့် ဆုံးရှုံးမှုတန်ဖိုးအများဆုံးဖြစ်နိုင်သည့် မြို့မဈေးကြီးနှင့် သီရိခေမာဈေးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် လက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးသူက ဈေးသူ/သားများနှင့် ဒေသခံပြည်သူများအား ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းဖြစ်သည့် မီးသတ်ဆေးဗူး အသုံးပြုနည်းများကို ရှင်းလင်းပြီး တာဝန်ရှိသူများက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြခဲ့သည်။ ယင်းနောက် ကသာမြို့ရှိ မြို့မဈေးကြီးနှင့် သီရိခေမာဈေးများတွင် မီးသတ်ကားများဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

 

‌ေ

 

“နွေရာသီသာမကဘဲ ရာသီသုံးပါးမရွေး မီးလောင်မှုကဖြစ်တတ်ပြီး ဆုံးရှုံးမှုအများဆုံးနှင့် မီးလောင်မှုဖြစ်စဉ်အများဆုံးမှာလည်း ဈေးက အဖြစ်အများဆုံးထဲမှာ ပါဝင်တဲ့အတွက် ဌာနဆိုင်ရာများမှ မဖြစ်ခင်မှာ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းဖြစ်တယ်။ ကသာမြို့ဟာ ဧရာဝတီမြစ်နဲ့ နီးပေမယ့် နွေရာသီမှာ ရေရရှိမှုနည်းပါးတယ်။ ဒါ့ကြောင့် ကသာမြို့ရှိ ရပ်ကွက်တိုင်းမှာရှိတဲ့ မီးငြိမ်းသတ်ရေးရေလှောင်ကန်တွေမှာ ရေရှိ/မရှိ လိုက်လံစစ်ဆေးပြီး အဖုံးမရှိသော ရေလှောင်ကန် များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းပြီး အဖုံးများဆောင်ရွက်ပေးတယ်။ နွေမဝင်ခင် မီးငြိမ်းသတ်ရေရရှိဖို့အတွက် ကန်များကို ရေဖြည့်ပေးလျက်ရှိတယ်” လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးသူက ပြောသည်။

 

‌ေ

 

ထို့ပြင် မီးသတ်ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ကသာမြို့ရှိ စာသင်ကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှုကျောင်း၊ ဌာနဆိုင်ရာများ၊ ဘဏ်များ၊ ဟိုတယ်များနှင့် ဆုံးရှုံးမှုအများဆုံးဖြစ်နိုင်သည့်နေရာများသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲအောင်(ကသာ)